ဒါရိုက်တာ ညိုမင်းလွင်မှ ANANDA:RISE OF NOTRA ဇာတ်ကား၏ ဇာတ်ဝင်ခန်း အချို့ မိတ်ဆက်ပြသ

ဒါရိုက်တာ ညိုမင်းလွင်မှ ANANDA:RISE OF NOTRA ဇာတ်ကား၏ ဇာတ်ဝင်ခန်း အချို့ မိတ်ဆက်ပြသ

ရန်ကုန်၊ မေ ၃၁ ။                ။ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူး ပုံဖော်လျက်ရှိသည့် ANANDA:RISE OF NOTRA  ဇာတ်ကား၏ ဇာတ်ဝင်ခန်းများမှ တစ်ချို့ကို မေလ ၃၁ရက်တွင် ၎င်း၏ ပရိသတ်များ နှင့် စာနယ်ဇင်းမီဒီယာများကို Junction Square ရုပ်ရှင်ရုံ၌ မိတ်ဆက် ပြသခဲ့သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံး သိပ္ပံ ရုပ်ရှင်ဇာတ်ကား ဖြစ်သည့် ANANDA:RISE OF NOTRA ဇာတ်ကားကို ပရိသတ်များထံ စတင်အပ်နှံခြင်း အခမ်းအနားကို မေလ ၃၁ရက်တွင် ရန်ကုန်မြို့ ဂျန်းရှင်းစကွဲရှိ ရုပ်ရှင်ရုံ၌ ကျင်းပခဲ့သည်။

ထိုအခမ်းအနားကို ဖိတ်ကြားထားသည့် အနုပညာရှင်များ၊ ပရိသတ်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြပြီး ANANDA:RISE OF NOTRA  ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများမှ တချို့ကို ပြသခဲ့သည်။

ထို ရုပ်ရှင်ဇာတ်ကားကို ၂၀၁၅ ခုနှစ် ထဲတွင် စတင်ရိုက်ကူးခဲ့ပြီး လက်ရှိတွင် ၉၅ရာခိုင်နှုန်း ရိုက်ကူး ပြီးစီးပြီ ဖြစ်သလို ဇာတ်ကားရိုက်ကူးပြီးစီးသွားပါက ရုံတင်ပြသရန် စီစဉ်ထားပြီး ပရိသတ်များထံလည်း ထပ်မံ မိတ်ဆက်ပေးသွားမည် ဖြစ်သည်။

ဒါရိုက်တာ ညိုမင်းလွင်က "ကျွန်တော့် ကိုယ်ပိုင်အချိန်အားလုံးကို အဲ့ဒီဇာတ်ကားအပေါ်မှာ မြှုပ်နှံထားတယ်။ ဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေအထားနဲ့ဆိုရင် ဒီသိပ္ပံဆိုတာ အခုမှ အရွယ်ရောက်ခါစ ကလေးတစ်ယောက်လိုပါပဲ။ ပရိသတ်လက်ထဲကို ဒီဇာတ်ကားကို အပ်ပါတယ်။ ဝေဖန်နိုင်ပါတယ်။ အကြံပေးနိုင်ပါတယ်" ဟု ပြောသည်။

ဒါရိုက်တာ ညိုမင်းလွင်မှ ထိုရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသသည့် အချိန်တွင် ရရှိလာသည့် ဝင်ငွေ အကျိုးအမြတ်ထဲမှ ထိရောက်သည့် ရာခိုင်နှုန်း တစ်ခုကို မြန်မာနိုင်ငံတွင် နည်းပညာသစ်များ ထွက်ရှိလာရန် ရည်ရွယ်ပြီး နောင်တွင် သိပ္ပံပညာနှင့် ပတ်သက်ပြီး တီထွင်နိုင်သည့် လူငယ်၊ အဖွဲ့အစည်းများတစ်ခုခုကို ထောက်ပံ့ပေးရန် ရည်ရွယ်ထားသည်ဟု ၎င်းက ပြောသည်။

NOTRA ၏ ရှေ့ဖြစ်ဟောကိန်းတွေထဲတွင် မြန်မာလူမျိုးတွေ ကြုံရတော့မည့် အရာတွေ အဓိက ပါဝင်လာသလို ၎င်း၏ ရှေ့ဖြစ်ဟောစကားတွေက အနာဂါတ် မြန်မာနိုင်ငံအတွက် အရေးကြီးနေတယ် ဆိုသည့် အရာတွေက ANANDA ဇာတ်လမ်း တစ်ပုဒ်လုံးကို ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။
 
ဇာတ်ကားတွင် NOTRA အဖြစ် အဓိက ပါဝင်သရုပ်ဆောင်မည့် အမျိုးသမီးသရုပ်ဆောင် အတွက် ဇာတ်ကား မရိုက်ကူးခင်တွင် စတင်ရွေးချယ်မှုများ ပြုလုပ်ခဲ့ပြီး လာရောက် လျှောက်ထားသူများ ထဲမှ နောက်ဆုံးတွင် NOTRA အဖြစ် သက်ထားဝေဇင် ကို ရွေးချယ်ခဲ့သည်။

သက်ထားဝေဇင်သည် ထိုရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်မည့် ဇာတ်ဝင်ခန်းအတွက် ကတုံးတုံး ခဲ့ရသလို မျက်ခုံးမွှေးကိုပါ ရိတ်လိုက်သည်အထိ ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်မှုများ ပြုလုပ် ခဲ့ရသည်။

NOTRA အဖြစ် ပါဝင် သရုပ်ဆောင်ထားသည့် သက်ထားဝေဇင်က "ညီမ အဲ့ဒီ ဇာတ်ကားအတွက် အမှတ်တရ အဖြစ်ဆုံးကတော့ ကတုံး ၁၁ခါရိတ်ရတယ်။ မျက်ခုံးက ၃ခါရိတ်ရတယ်။ အခက်အခဲ ကတော့ အသစ်ဆိုတော့ အများကြီးပဲရှိတယ်။ ဒါပေမယ့် ကိုညိုမင်းလွင်က ညီမကို အများကြီးသင်ပေးပါတယ်။ ဒီကားမှာ ညီမ သရုပ်ဆောင်ပိုင်းကတော့ အကုန်လုံး နီးပါးလောက်ပြီးသွားပါပြီ။ ဒါပေမယ့် ကျန်မယ်ဆိုလည်း အနည်းငယ်ပဲ ကျန်တော့မှာပါ" ဟု ပြောသည်။

ANANDA:RISE OF NOTRA  ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ဖြိုးငွေစိုးမှ အကြောင်းတစ်ခုကြောင့် ပြစ်ဒဏ်နဲ့တကွ ရာထူးချခံထားရသည့် စစ်တပ်မှ Captain Lagoon အဖြစ်၊ သရုပ်ဆောင် နန်းဆုဦးမှ ဒီးတာ (Deetah) အဖြစ် သရုပ်ဆောင်ထားသည်။ ဒီးတာတွင် လူသားမျိုးနွယ်စုရဲ့အိပ်မက်တွေ၊ အနာဂတ် မြန်မာနိုင်ငံတော်၏ မျှော်လင့်ချက်တွေ၊ ပြီးတော့ သူမ ရင်ဆိုင်ရမည့် အန္တရာယ်တွေ လည်းရှိနေသည့် သူတစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။

သရုပ်ဆောင် စိုင်းလွှမ်းသည် စကြာဝဠာအနန္တထဲမှ နေအဖွဲ့အစည်းအသစ် တစ်ခုကို ကျူးကျော်နယ်ချဲ့ဖို့ကြိုးစားခဲ့သည့် Major Agga အဖြစ်၊ ပင်လယ်တွေ ခမ်းခြောက်သွားသည့် အနာဂါတ်ကာလ ရေတွေ မရှိတော့သည့် ဒေသတွင် သူရဲကောင်း ဘဝကနေ အနားယူလိုက် ရသော်လည်း ရန်သူ ဆိုသည့်အသံကိုကြားတိုင်း နောက်တစ်ကြိမ် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေသည့် ရေတပ်မှ Commander Saw Waldo အဖြစ် သရုပ်ဆောင်သားညီ၊ သိပ္ပံပညာရှင် Senior Scientist .Professor Dominic Trevor အဖြစ် ကျော်ကိုကိုဝေ၊ CNN သတင်းဋ္ဌာနက သတင်းထောက်မလေး Hayther အဖြစ် Helen Myo Ko ၊ မြန်မာစစ်တပ်က စစ်သမီးတပ်ကြပ်ကြီးမောလ် အဖြစ် ချမ်းမြေ့လင်း၊ သစ္စာဖောက် Junior Scientists .Doctor Gabriel Gate အဖြစ် Victor၊ လေတပ်က လေသူရဲ Captain Aura အဖြစ် နေဝင်း ၊ အာကာသသိပ္ပံဋ္ဌာနက တရုတ်မလေး Ginger အဖြစ် ချမ်းမေမြတ်နိုးက လည်းကောင်း၊ Bar ဆိုင်က အဆိုတော်မလေး အယောင်ဆောင်ထားသည့် Agent Rose အဖြစ် ဝင်းသပြေထွန်း၊ ကွန်ပျူတာနဲ့ လက်နဲ့မပြတ်အောင် ဂိမ်းကစားတတ်သည့် ကမ္ဘာ့လုံခြုံရေးစနစ်တစ်ခုကို Game တစ်ခုနဲ့ဖေါက်ထွင်းဖို့ ကြိုးစားခဲ့သည့် Gamer/Hacker "Over (အိုဗာ)" အဖြစ် စိုးရန်အောင်၊ အမျိုးသမီးလေယာဉ်မှူး Captain Charcoal အဖြစ် ဧကရီမှူးပိုင်တို့အပြင် တခြား ဇာတ်ကောင်များလည်း အသီးသီး ပါဝင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required