မြောက်ကိုရီးယား နောက်ထပ်ဒုံးကျည် စမ်းသပ်မှု မအောင်မမြင်ဖြစ်

မြောက်ကိုရီးယား နောက်ထပ်ဒုံးကျည် စမ်းသပ်မှု မအောင်မမြင်ဖြစ်

ဆိုးလ်၊ မေ ၃၁ ။                 ။ မြောက်ကိုရီးယားနိုင်ငံက ဖျက်အားပြင်းဒုံးကျည်ပစ်လွှတ်ရန် ထပ်မံကြိုးပမ်းခဲ့သော်လည်း ယင်းပစ်လွှတ်မှုက ပျက်ပြားသွားဟန်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

ဒုံးကျည်အမျိုးအစားကို သေချာမသိရသော်လည်း ဧပြီလအတွင်း သုံးကြိမ်တိုင် ပစ်လွှတ်မှု မအောင်မြင်ဖြစ်ခဲ့သည့် တာလတ်ပစ် Musudan ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုများအပြီး နောက်ထပ်ပစ်လွှတ်ရန် လုပ်ဆောင်မှုတစ်ရပ်ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံအား ဒုံးကျည်နည်းပညာများနှင့် ပတ်သက်ကာ လုပ်ဆောင်ခြင်းများကို ကုလသမဂ္ဂက တားမြစ်ထားသည်။

ဇန်နဝါရီလအတွင်း လေးကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုနှင့် ဒုံးကျည်ပစ်လွှတ်မှုများစွာအား မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်ခဲ့ပြီးနောက် ဒေသတွင်းတင်းမာမှုများ မြင့်တက်ခဲ့သည်။

ယခုစတုတ္ထအကြိမ်မြောက် စမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်မှာ Musudan ဒုံးကျည်အမျိုးအစားဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားလျက် ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

Musudan ဒုံးကျည်သည် ဂျပန်နှင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိနိုင်သည့် တာလတ်ပစ်ဒုံးကျည်မျိုးဖြစ်သော်လည်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တစ်ကြိမ်တစ်ခါမျှ စမ်းသပ်ပစ်လွှတ်မှု အောင်မြင် ခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required