မူမမှန်တဲ့ရာသီဥတုကြောင့် မိုးစပါးစိုက်ရေး လက်တွန့်နေတဲ့ လယ်သမားများ

မူမမှန်တဲ့ရာသီဥတုကြောင့် မိုးစပါးစိုက်ရေး လက်တွန့်နေတဲ့ လယ်သမားများ

ရာသီဥတုကြောင့် နှစ်စဉ် အရှုံးပေါ်နေရတဲ့ မြစ်ဝကျွန်းပေါ်ဒေသ လယ်သမားအများစုဟာ အနိမ့်ပိုင်း ဒေသက လယ်တွေမှာ မိုးစပါးမစိုက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

ဇလွန်၊ မအူပင်(Myanmar Now) ။            ။ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာတဲ့ ရာသီဥတုဒဏ်ကို ခံစားနေရတဲ့ လယ်သမားတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကော့ကက်ကြီးကျေးရွာက ကိုအောင်ကြွယ်တို့ မိသားစုလည်း ပါဝင်ပါတယ်။ မနှစ်တုန်းကသူတို့လယ် ၁၄ ဧကမှာ ထက်ဝက်လောက်က ရေနစ်မြုပ်သွားတဲ့အတွက် စပါးတွေ ပျက်စီးပြီး အရှုံးပေါ်ခဲ့ရတာပါ။

ဒီနှစ် နွေစပါးပေါ်ချိန်မှာလည်း ရာသီဥတုဖောက်ပြန်၊ ဆောင်းကာလ ရှည်ကြာနေတာနဲ့ ကြုံရပြီး နွေစပါးအထွက်နှုန်း သိသိသာသာ လျော့ကျသွားတယ်လို့ သူကဆိုပါတယ်။  

“အရင်က တစ်ဧကကို တင်း ၁ဝဝ ထွက်တယ်ဆို အခု ၇၅ တင်းပဲ ရတော့တယ်။ ရေကြောက် လို့ ဒီနှစ်မိုးလယ်မှာ အနိမ့်ပိုင်းလယ်တွေ မစိုက်တော့ဘူး”လို့ ကိုအောင်ကြွယ်က ပြောပါတယ်။ ဒေသတွင်း မအူပင်မြို့နယ်၊ ပလောင်ကျေးရွာက ဦးကျော်မင်းလည်း အလားတူ ဆုံးဖြတ်ထားပါတယ်။

“တော်သလင်း၊သီတင်းကျွတ်လောက်ဆိုရင်တော့ရေပြန်ကျသွားလောက်ပြီ။ အဲဒီအချိန်မှာမှ ရာသီကုန် (သီးနှံ) ဖြစ်တဲ့ပြောင်းတို့၊သခွားတို့ပြန်စိုက်မယ်”လို့မနှစ်ကရေကြီးမှုကြောင့်မိုးစပါး ၇ ဧက ဆုံးရှုံးခဲ့ရတဲ့ ဦးကျော်မင်းက ပြောပါတယ်။

နိုင်ငံရဲ့ စပါးကျီလို့ တင်စားကြတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ အနိမ့်ပိုင်းလယ်မြေတွေထဲ မိုးတွင်းကာလမှာ စိုက်ပျိုးတဲ့ သက်ကြီးစပါးမျိုးဟာ တစ်ဧကအထွက်နှုန်း နည်းပါးရုံသာမက ပူပြင်း ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းအစရှိတဲ့ ရာသီဥတုဒဏ်ကြောင့် ဆုံးရှုံးမှုများတဲ့အတွက် ဒီနှစ်တော့ လယ်သမားအများအပြားက စိုက်ပျိုးဖို့ လက်ရှောင်နေကြပါပြီ။

ဒီနှစ်အတွက် စပါးအထွက်နှုန်း

ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်လွတ်လပ်သောလယ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌဦးသိန်းအောင်ကမိုးစပါးမစိုက်တော့ဘူးဆိုတဲ့မြေနိမ့်ဒေသလယ်ဧကပေါင်းနှစ်သိန်းဝန်းကျင်ရှိပေမဲ့အထွက်နှုန်းနည်းတဲ့စပါး မျိုးစေ့တွေကိုသာစိုက်ပျိုးနိုင်တာကြောင့်ဒေသတွင်းစပါးအထွက်နှုန်းကိုတော့သိသိသာသာထိခိုက်မှာမဟုတ်ဘူးလို့ပြောပါတယ်။

မြန်မာနိုင်ငံဟာဒီဘက်ဆယ်စုနှစ်တွေအတွင်းမိုးခေါင်ရေရှားခြင်း၊အချိန်အခါမဟုတ်မိုးကြီးခြင်းစတဲ့ရာသီဥတုဒဏ်တွေကိုနှစ်စဉ်ခံစားနေရပါပြီ။ ပြီးခဲ့တဲ့နှစ်ဇူလိုင်၊ သြဂုတ်လတို့မှာတိုက်ခိုက်ခဲ့တဲ့ ကိုမန်ဆိုင် ကလုန်းမုန်တိုင်းကြောင့်ပုံမှန်ထက်ပိုတဲ့မိုးကြီးရေလျှံမှုတွေနိုင်ငံအနှံ့ ဖြစ်ခဲ့ရာမှာ ဧရာဝတီ တိုင်း ဒေသကြီးတစ်ခုတည်းအတွင်းမှာ တင်မိုးစပါးဧကပေါင်း ၂၆ဝ,ဝဝဝ ကျော် ထိခိုက်ပြီး ဧကပေါင်း ၅၂,ဝဝဝ ထက်မနည်း ပျက်စီးဆုံးရှုံးသွားပါတယ်။

ဆိုးရွားလာတဲ့ ရာသီဥတုနဲ့ သင့်လျော်အောင် စိုက်ပျိုးနည်းစနစ်တွေပြောင်းလဲဖို့နဲ့ စိုက်ပျိုး သီးနှံတွေ ရွေးချယ်နိုင်ဖို့ဟာ လယ်သမားတွေအတွက် သေရေးရှင်ရေး ဖြစ်နေပါပြီ။ မိုးလေဝ သပညာရှင် ဦးထွန်းလွင်ကလည်း မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ မုတ်သုံဝင်ချိန်နောက်ကျ၊ မုတ်သုံထွက်ချိန် စောလာတတ်တာကြောင့် စိုက်ပျိုးနည်းစနစ်တွေ မဖြစ်မနေ အပြောင်းအလဲလုပ်ရ တော့မယ်လို့ သတိပေးပါတယ်။

“သမားရိုးကျနည်းနဲ့တော့ သွားလို့မရတော့ဘူး။ အခြေအနေကိုညှိပြီးတော့၊ ပြောင်းလဲပြီးတော့ စိုက်ပျိုးရမှာပါပဲ” လို့ သူကပြောပါတယ်။

နိုင်ငံအောက်ပိုင်းမှာ အချိန်အခါမဟုတ် မိုးကြီးနိုင်တာကြောင့် လုပ်ငန်းအမြန်ပြီးဖို့အတွက် မိရိုးဖလာ ထုံးစံတွေအတိုင်း လုပ်ကိုင်ခြင်းထက် ရိတ်သိမ်း၊ အခြောက်ခံ၊ အစေ့ခြွေတာတို့ကို စက်ကိ ရိယာတွေ အားကိုးမှ သင့်တော်မယ်လို့ သူက ဆက်ပြောပါတယ်။

“စက်ကိရိယာအကူအညီနဲ့ လုပ်ဖို့လိုတယ်။ အဲဒါတွေရဖို့အတွက် သက်ဆိုင်ရာလယ်သမားအ နေနဲ့ တော့ တတ်နိုင်ချင်မှ တတ်နိုင်မှာပေါ့။ အစိုးရအနေနဲ့ ကူညီဖို့လိုတာပေါ့” လို့ ဦးထွန်းလွင်က ဆိုပါတယ်။

တိုင်းအစိုးရအဖွဲ့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဦးဘဟိန်းကဒေသအတွင်းစိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်းပြီး ကန်ထရိုက် လယ်ယာစနစ် အကောင်အထည်ဖော်ဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ မျိုးကောင်းမျိုးသန့်တွေသုံးပြီး စိုက်ပျိုးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။ “ရာသီဥတုဆိုတာကတော့ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ အတွက် ကာကွယ်ဖို့ တော်တော်ခက်ခဲပါတယ်။ လူလုပ်တဲ့ အန္တရာယ်တွေကိုတော့ အဓိကဦးစား ပေးပြီး ဖြေရှင်းသွားမှာပါ”လို့ သူက ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍ အကြံပြုမှုများ

ဒေသတွင်းဆန်တင်ပို့မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ဖူးတဲ့၊ လူဦးရေ ၇ဝ ရာခိုင်နှုန်းဝန်းကျင်က တောင်သူလယ်သမားတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကဏ္ဍနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝမြင့်မားရေးကို ဦးစားမပေးခဲ့ပါဘူး။

ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ် ပေမဲ့လည်း အစိုးရအဆက်ဆက်က စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးသုံးစွဲမှု အလွန် နည်းပါးတယ်လို့ ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက်သိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိဖို့ကအရေးပါတဲ့အချက်ဖြစ်သလိုအစိုးရသစ်အနေနဲ့တောင်သူတွေအချိန်မီစိုက်ပျိုးနိုင်အောင် ချေးငွေအချိန်မီ ထုတ်ချေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။ “(ဆန်စပါး)သုတေသနပိုင်းမှာ သီးနှံမျိုးစေ့စီမံကိန်းတွေကို အလေးထားပြီး ဆောင်ရွက်မှု အားနည်းတာကို တွေ့ရပါတယ်”လို့ ဦးစိန်ဝင်းက ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ အစိုးရသစ်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဆွေးနွေးမယ်လို့ ပြောပါတယ်။ “ကိုယ့်ပါတီက ကိုယ့်ဝန်ကြီးပဲဗျာ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ကြိုးစားညှိနှိုင်း အဖြေရှာသွားမှာပါ”လို့ သူက ဆိုပါတယ်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ဒီနှစ် ပြည်ပပို့ကုန်ထဲ ဆန်မပါဝင်နိုင်ဘူးလို့ ပြောပါတယ်။

" ဒီနှစ်မှာတော့ ရာသီဥတုကြောင့် ဆန်စပါးအထွက်၂ဝ ရာခိုင်နှုန်းလောက် နည်းသွားပါတယ်။ ဒေသတွင်း စားသုံးဖို့ကတော့ ဖူလုံနိုင်ပေမဲ့ နိုင်ငံခြားတင်ပို့ဖို့ကတော့ မဖြစ်နိုင်ပါဘူး" လို့ သူက ပြောပါတယ်။

အလားတူသုံးသပ်သူတစ်ဦးကတော့ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌဒေါက်တာ စိုးထွန်း ဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုသက်ရောက်ပြီး သိသိသာသာ မိုးနည်းလာနိုင်တာကြောင့် သက်တမ်းတိုတဲ့ စပါးမျိုးတွေ စိုက်ပျိုးသင့်တဲ့အတွက် ရေအရင်းအမြစ်ကို အလေးထားရမယ်လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာက ရေရနိုင်တဲ့နည်းတွေ ရှိပါတယ်။ မြစ်ကြီးတွေမှာရှိနေတဲ့ရေကို လိုအပ်သလို ထိန်းသိမ်းနိုင်ရင် စိုက်ပျိုးရေးကဏ္ဍက ပြန်ပြီးမြင့်တက်လာမယ်”လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ မအူပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိုက်စိုးက သူတို့ဝန်ကြီးဌာနအနေနဲ့ လယ်သမားတွေကို အယ်လ်နီညိုရာသီဥတုနဲ့ ပတ်သက်ပြီး နည်းပညာပေးခြင်း၊ မျိုးစပါးတွေဖြန့်ဝေပေးခြင်း အစရှိတာတွေ ကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“ပျိုးခင်း၊ စိုက်ခင်းတွေရေရဖို့ အခက်အခဲ ဖြစ်နိုင်တယ်။ သီးနှံအထွက်နှုန်း လျော့နည်းသွား နိုင်တယ်။ သက်တမ်းတိုတဲ့စပါးတွေ စိုက်ပျိုးသင့်တယ်”လို့ ဦးသိုက်စိုးက ပြောလိုက်ပါတယ်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly