မန္တလေးတိုင်းအတွင်း တရားစွဲခံရသည့် တောင်သူ ၅၀၀ကျော် လွတ်မြောက်ရေးတောင်းဆိုမည်

မန္တလေးတိုင်းအတွင်း တရားစွဲခံရသည့် တောင်သူ ၅၀၀ကျော် လွတ်မြောက်ရေးတောင်းဆိုမည်

မန္တလေး၊ မေ ၃၀ ။              ။ မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲဝင်၍ တောင်သူ ၅၀၀ဦးကျော် ပုဒ်မ အမျိုးမျိုးတပ် တရားစွဲဆိုခံနေရမှုများ လွတ်မြောက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုသွားမည်ဟု အလုပ်သမား၊ လယ်သမား ကူညီဆောင်ရွက်သူများအဖွဲ့ (FNIFL)မှ တိုင်းတာဝန်ခံ ဦးအေးသိန်းကပြောသည်။

"တရားစွဲဆိုခံထားရတဲ့ တောင်သူစာရင်းကောက်တယ်။ ကောက်လို့ရတဲ့စာရင်းတွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြမယ်။ အဓိကကတော့ လွတ်မြောက်ဖို့နဲ့အမှုတွေ ရုပ်သိမ်းပေးဖို့    တောင်းဆိုတာပါပဲ။ ပြည်သူ့အစိုးရဆိုတော့ ဒီဖြစ်စဉ်တွေကို မျက်ကွယ်မပြုဘူးလို့ယုံကြည်တယ်။ အစိုးရအဖွဲ့ကလည်း ဒီကိစ္စတွေဖြေရှင်းဖို့ လုပ်နေတယ်ဆိုတာလည်း သိပါတယ်။" ဟု ဦးအေးသိန်း ကပြောသည်။

တောင်သူအများစုသည် ပုဒ်မ ၄၄၇၊ ၄၄၂နှင့် ၄၂၇ တို့ဖြင့် တရားစွဲဆိုခံထားရကြပြီး မတ္တရာ၊ စဉ့်ကူး၊ ပုသိမ်ကြီး၊စဉ့်ကိုင်နှင့် သပိတ်ကျင်းမြို့နယ်တို့မှဖြစ်သည်။ တရားစွဲဆိုခံထားရသူစာရင်းများကို ၂၀၁၆ခုနှစ်၊ မတ်လမှစတင်၍ တစ်မြို့နယ်စီ ကောက်ယူထားသော စာရင်းဖြစ်သည်ဟု ဦးအေးသိန်းကဆိုသည်။

"လက်ရှိကောက်ထားတာ ၅၀၀ ကျော်ရှိတယ်။ တစ်ချို့မြို့နယ်တွေကျန်နေသေးတယ်။ အဲဒါလည်း ကျွန်တော်တို့အဖွဲ့တွေ ဆက်ကောက်နေတယ်။ ငါန်းဇွန်မြို့နယ်နဲ့ မြို့သာဘက်က စာရင်းကောက်ပြီးရင် အစိုးရအဖွဲ့ကို တင်ပြသွားဖို့လုပ်ကြရုံပါပဲ"

မတ္တရာမြို့နယ်မှ အမှုရင်ဆိုင်နေရသူ ဦးတင်အေးက "ကိုယ့်မြေကိုယ့်ယာပေါ်ထွန်ယက်စိုက်ပျိုးတာကို တရားစွဲခံရတာပဲ။ ဘာစီမံကိန်းမှမလုပ်တဲ့မြေပေါ်လုပ်ခဲ့ကြတာ မြေပြန်မရဘဲ အရေးယူပဲခံရတယ်။ အခုကျွန်တော်တို့အဖြစ်က စားဝတ်နေရေးအတွက် ကောင်းကောင်းမလုပ်ရဘူး။ တရားရုံးသွားနေရတာနဲ့ပဲ အချိန်ကုန်နေတယ်။ စာရင်းကောက်လို့တော့ပေးထားတယ်။ အမှုတွေမြန်မြန်ပြီးစေချင်တယ်။" ဟုပြောသည်။

မန္တလေးဒေသကြီးအစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံသည့် မေလ ၂၆ ရက်နေ့ကလည်း လယ်ယာမြေကိစ္စများ ဖြေရှင်းရန် ဥပဒေ၏ အားနည်းချက်များရှိနေပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေရှင်းရန်အခက်အခဲဆုံးမှာ လယ်ယာမြေအရေးပင်ဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly