ပြည်သူရွေးကောက်သည့်အစိုးရအထက်တွင် ဖွဲ့စည်းပုံရှိနေ၍ နိုင်ငံရေးတွင် တပ်မတော်လွှမ်းမိုးမှုရှိဟု နော်စီဖိုးရာစိန်ပြော

ပြည်သူရွေးကောက်သည့်အစိုးရအထက်တွင် ဖွဲ့စည်းပုံရှိနေ၍ နိုင်ငံရေးတွင် တပ်မတော်လွှမ်းမိုးမှုရှိဟု နော်စီဖိုးရာစိန်ပြော

ချင်းမိုင်၊ မေ ၃၀ ။              ။ အစိုးရသစ်သည် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသည့် အစိုးရဖြစ်သော်ငြား ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရှိနေ၍ အဟန့်အတား အခက်အခဲရှိနေပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တပ်မတော်၏ လွှမ်းမိုးဆဲရှိနေဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုဥက္ကဌ နော်စီဖိုးရာစိန်က ပြောဆိုလိုက်သည်။

“ဒီအစိုးရက ဒီဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရှိတဲ့အတွက် စစ်အာဏာရဲ့ အောက်မှာရှိသေးတယ်။ စစ်အာဏာ စိုးမိုးမှုအောက်မှာ ရှိသေးတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် တက်လာတဲ့ အစိုးရသစ် ကတော့ တချို့လုပ်ဆောင်ချက်အပေါ်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အရေးကြီးတာကတော့ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် ဒီအစိုးရသစ်ရဲ့ ချမှတ်ထားတဲ့ ပေါ်လစီကတော့ ရှင်းရှင်းလင်းလင်း ဖြစ်တာတခုကတော့ ကျမတို့ တိုင်းရင်းသားတွေသွားတဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ တစ်ထပ်တည်းရှိနေဆဲပဲ”ဟု ပြောသည်။

မေလ ၃၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသော နိုင်ငံရေးဆိုင်ရာ မူဘောင်ရေးဆွဲရာ တိုင်းရင်းသားများအနေဖြင့် မူဝါဒများ ချပြနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် နော်စီဖိုးရာစိန်က ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တပ်မတော်၏ လုပ်ဆောင်ချက်အပေါ် စိတ်မကောင်းဖြစ်ရပြီး အဟန့်အတား ဖြစ်နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အနေဖြင့်  ရည်မှန်းချက်တခု ရောက်ရန် အချင်းချင်း ပိုမိုနားလည်ပြီး စည်းလုံး ညီညွတ်ကြရန် တိုက်တွန်းထားသည်။

“စစ်တပ်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ တိုင်းရင်းသားတွေအပေါ်မှာ အများကြီး နစ်နာခဲ့တယ်။ သူတို့ကတော့ နည်းလမ်းမျိုုးစုံ၊ ကျမတို့ တိုင်းရင်းသား အချင်းချင်း မညီညွတ်ဖို့ လုပ်ဆောင်လာတယ်။ ကျမတို့လည်း အများဆုံး ကြုံခဲ့ရတယ်။ နောက်ဆုံး အန်စီအေ လက်မှတ်ထိုးတဲ့ အခါမှ လက်မခံတဲ့အဖွဲ့ရှိတဲ့အေ့ပါ်မှာ အခက်အခဲအများကြီးကြုံခဲ့တယ်။”ဟု ပြောသည်။

အစိုးရသစ်၏ ၅ နှစ်တာကာလအတွင်း တိုင်းရင်းသားများ စုစုစည်းစည်းဖြစ်ရန် လိုအပ်ပြီး ဖက်ဒရယ်နှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို ပြည်သူလူထုအား ချပြနိုင်ရေး ဆက်လက် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

“ဘယ်လိုပဲ အခြေအနေရှိရှိ ကျမတို့ တိုင်းရင်းသားတွေ တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲရေးသွားဖို့အတွက် ဒီမိုကရေစီအစိုးရတခုထိတော့ ရောက်နေပါပြီ။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရ မဟုတ်သေးဘူး။ အဲဒါကြောင့် ပြည့်စုံအောင် ကျမတု့ိ ဝိုင်းပြီးတော့ မြန်မာပြည်သူပြည်သားအားလုံး တွန်းအားပေးပြီးတော့ ကျမတို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီဖြစ်ဖို့ ဆက်လက် ကြိုးစားဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ညီလခံ ခေါ်ယူကျင်းပခြင်းသည် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင်နိုင်ရန် နည်းလမ်းများရှာခြင်း၊ အခြေခံ မူချမှတ်ရန် ကျင်းပခြင်းဖြစ်မည်ဟု မျှော်လင့်ပြီး ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် တေ်ာလှန်ရေး အဖွဲ့အစည်းများလည်း ပါဝင်ရန် တွန်းအားပေးရန် လိုအပ်ကြောင်း ပါရှိသည်။

လတ်တလော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပ အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ စုစည်း၍ ပြင်ဆင်နေသော မူဝါဒဆိုင်ရာ အရေးကြီး အချက်အလက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြန်လည် ဆက်စပ်ရန် လိုအပ်ကြောင်းလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required