မြန်မာအသင်းတိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိဟု နည်းပြဂတ်ဇီဆီ ဆို

မြန်မာအသင်းတိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိဟု နည်းပြဂတ်ဇီဆီ ဆို
မြန်မာနှင့်မလေးရှားတို့ ခြေစမ်းပွဲ၌ တိုက်စစ်မှူး အောင်သူနှင့် ကျော်ကိုကိုတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

မေ ၃၀ ၊ ရန်ကုန် ။           ။ ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် တိုက်စစ်ပိုင်းအပြောင်းအလဲ ပြုလုပ်ဖွယ်ရှိသည် ဟု နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က မြန်မာအသင်းနှင့် မလေးရှားအသင်းခြေစမ်းပွဲအပြီးတွင် ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အဆိုပါ မလေးရှားအသင်းနှင့်ခြေစမ်းပွဲတွင် ပွဲချိန်တလျောက်အသာစီး ကစားနိုင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်များရခဲ့သော်လည်း မြန်မာအသင်းတိုက်စစ်ပိုင်း၌ အောင်သူနှင့် ကျော်ကိုကို ကိုပွဲထွက်ကစားစေခဲ့ပြီး ဒုတိယပိုင်းတွင်မူ ဝင်းနိုင်စိုးနှင့် သန်းပိုင်တို့ လူစားလဲဝင်ရောက် ကစားခဲ့သည်။

“ အသင်းရဲ့အဓိက ပြဿနာက ဂိုးမသွင်းနိုင်တာပါပဲ။ လေ့ကျင့်ရေးကွင်းမှာ ဂိုးသွင်းနိုင်ဖု့ိ သေချာလေ့ကျင့်ပေးပေမယ့် အခုထိတော့ လိုအပ်ချက်တွေ ရှိနေတုန်းပါပဲ။ လာမယ့်ပွဲစဉ်မှာတော့ တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျော်ကိုကိုဆိုရင် ပထမပိုင်း ၄၅ မိနစ်လုံး အလုပ်မဖြစ်ခဲ့ပါဘူး။ တိုက်စစ်မှူးနေရာ ဘယ်သူ့ကိုထားမလဲ ဆိုတာကတော့ လေ့ကျင့်ရေးကွင်းက အခြေအနေကို ပြန်သုံးသပ်ရဦးမှာပါ။ လာမယ့် ခြေစမ်းပွဲတွေမှာ အသင်းရဲ့တိုက်စစ်ကို စမ်းသပ်မှုတွေ ပြုလုပ်ပြီး အကောင်းဆုံးပြင်ဆင်သွားပါမယ် ” ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြ ဂတ်ဇီဆီလက်ထက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲ၊ နိုင်ငံတကာခြေစမ်းပွဲ သုံးပွဲ ယှဉ်ပြိုင်ကစားထားရာ နိုင်ပွဲတစ်ပွဲမှ မရရှိပဲ သုံးပွဲသရေ နှစ်ပွဲရှုံး ရလဒ်သာ ရရှိထားသည့်အပြင် တိုက်စစ်ပိုင်း၌လည်း သုံးဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ မြန်မာအသင်းသည် လာမည့်ဇွန်လ ၃ ရက်နှင့် ၆ ရက်နေ့တွင်လည်း နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် မြန်မာနိုင်ငံတွင် အိမ်ရှင်ပြုလုပ်ကာ စင်ကာပူ၊ဗီယက်နမ်၊ဟောင်ကောင် အစရှိသည့် အသင်းများနှင့် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ (AYA Bank Cup 2016) ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required