ပြည်သူပိုင်မြေပေါ် ဌာနဆိုင်ရာများ ကျူးကျော်သည့်ကိစ္စ ရန်ကုန်တိုင်းလွှတ်တော်တွင် အလေးအနက်ဆွေးနွေးမည်

ပြည်သူပိုင်မြေပေါ် ဌာနဆိုင်ရာများ ကျူးကျော်သည့်ကိစ္စ ရန်ကုန်တိုင်းလွှတ်တော်တွင် အလေးအနက်ဆွေးနွေးမည်

ရန်ကုန်၊ မေ ၃၀ ။             ။ အများပြည်သူပိုင်မြေများကို ဌာနဆိုင်ရာများက ကျူးကျော်နေမှုများရှိသည့်အတွက် အများပြည်သူ အမှန်တကယ် ပြန်လည်ပိုင်ဆိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သည်။

သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်က မေလ ၃၀ရက်၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ် လွှတ်တော် ပုံမှန်အစည်းဝေးတွင် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တိူ့ ရန်ကုန်တိုင်းအတွင်းမှာ ပြည်သူလူထုအတွက် ရည်ရွယ်ထားရှိတဲ့ မြေနေရာတွေ ရှိခဲ့ပေမယ့် အဲဒီ မြေနေရာတွေဟာ ဌာနဆိုင်တွေအနေနဲ့ မိမိတို့ဌာနပိုင်ကဲ့သို့ သဘောထားပြီး အကွက်ချ ဂရမ်ထုတ် ရောင်းချတာတွေ၊ ငှားရမ်းတာတွေ၊ ကိုယ်တိုင် ကျူးကျော်တာတွေကြောင့် တဖြေးဖြေးနဲ့ ပျောက်ဆုံးနေတာကို ဝမ်းနည်းဖွယ်ရာတွေ့မြင်နေရပါတယ်"ဟု ဦးနေမျိုးကျော်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူပိုင် မြေများဖြစ်သော ပန်းခြံများ၊ အားကစားကွင်းများ၊ စာကြည့်တိုက်များ၊ လမ်းများတွင် အစိုးရဌာနများမှ ဌာနပိုင်အဆောက်အဦးများ ဆောက်လုပ်နေခြင်း၊ ရောင်းချ ငှားရမ်းခြင်းများ လုပ်ဆောင်နေခြင်းကို ရည်ရွယ်ပြောဆိုခဲ့ပြီး ယင်းကိစ္စများကို ရပ်တန့်ရန်အတွက် အများပြည်သူပိုင်နေရာများကို အများပြည်သူအမှန်တကယ်ပြန်လည်ပိုင်ဆိုင်နိုင်ရေး စီစဉ်လုပ်ဆောင်ပေးရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအဆိုအား ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ထောက်ခံဆွးနွေးခဲ့သည်။

"အများပြည်သူပိုင်နေရာတွေဟာ အများပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးကဏ္ဍတွေအတွက် သုံးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကျွန်မတို့ ရန်ကုန်မြို့ဟာ အများပြည်သူပိုင်နေရာတွေ တစတစ လျော့နည်းလာတာကို တွေ့ရပါတယ်။ အများပြည်သူပိုင်နေရာတွေကို  အစိုးရဌာနများက ပြည်သူ့အကျိုးကို စဉ်းစားခြင်းမရှိဘဲ ကျူးကျော်ခြင်း ငှားရမ်းခြင်း ရောင်းချခြင်းတို့ ပြုလုပ်နေတဲ့ ကိစ္စတွေကို ရှာဖွေဖော်ထုတ်ပြီးတော့ အများပြည်သူပိုင် နေရာတွေကို အများပြည်သူက အမှန်တကယ်ပြန်လည်ပိုင်ဆိုင်ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ပြန်လည်စီမံချထားပေးဖို့ ကိစ္စမှ အလျှင်အမြန်ပဲ လိုအပ်နေပါတယ်"ဟု ဒေါ်ကြည်ပြာက ပြောသည်။

လွှတ်တော်ကိုစားလှယ် နှစ်ဦး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အသီးသီးတွင် ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်နေကြောင်းကို သင်္ဃန်းကျွန်း၊ ကျောက်တံတား၊ တောင်ဥက္ကလာပ စသည့် မြို့နယ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်များနှင့် ဥပမာပေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းအဆိုနှင့်ပတ်သက်၍  ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက" ဒီအဆိုဟာ အရေးကြီးတဲ့အဆို ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအထဲမှာ အများပြည်သူပိုင် နေရာတွေကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိရေး စီစဉ်ဆောင်းရွက်ပေးရန်ဆိုတဲ့ Process က ပြန်စဉ်းစားဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများပြည်သူပိုင်နေရာတွေ ကိုအများ ပြည်သူပြန်လည်ရရှိရေးဆိုတာဟာ တော်တော်ကို ယေဘူယျသဘောဖြစ်ပေမယ့် ပြန်စဉ်းစားရင် တိကျတဲ့အဖြေထုတ်ဖို့က လိုလာပါတယ်။ ဆွေးလည်း ဆွေးနွေးသင့်ပါတယ်။ ဖိတ်လည်းဖိတ်ခေါ်ပါတယ်"ဟု ပြောသည်။

တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် လက်ခံခဲ့သည့်အတွက် လာမည့် ဇွန်လ ၆ရက်နေ့ လွှတ်တော်အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required