ISIS အဖွဲ့၏အစီအစဉ်တွင် အင်္ဂလန်ပရိသတ်များကိုတိုက်ခိုက်ရန်လည်း ပါဝင်

ISIS အဖွဲ့၏အစီအစဉ်တွင် အင်္ဂလန်ပရိသတ်များကိုတိုက်ခိုက်ရန်လည်း ပါဝင်
ပဲရစ်ဗုံးခွဲတိုက်ခိုက်မှုတွင် ကြိုးကိုင်သူဟု သံသယရှိခံရသည့် အသက် ၂၆ နှစ်အရွယ် ဆာလက် အဒက်စ်ဆလမ်

မေ ၃၀၊ ပဲရစ် ။               ။ ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်ပရိသတ်များကို တိုက်ခိုက်ရန်မှာလည်း ISIS အဖွဲ့၏ပစ်မှတ်တစ်ခုဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဖော်ထုတ်လိုက်သည်။

ဖော်ထုတ်ခံရသည့်ယင်းအစီအစဉ်တွင် အင်္ဂလန်ပရိသတ်များကို မာဆေးမြို့၌ အသေခံဗုံးခွဲသမားများ၊ လက်နက်ကိုင်များအပြင် ဒရုန်းများဖြင့် ဓါတုလက်နက်များသယ်ဆောင်ကာ တိုက်ခိုက်မှုများပါ ပါဝင်နေသည်။

ယင်းအစီအစဉ်ကို ပဲရစ်နှင့် ဘရုဆဲလ်တိုက်ခိုက်မှုတွင် အဓိကကြိုးကိုင်သူဟုသံသယရှိခံရသည့် ဆာလက်အဒက်စ်ဆလမ်၏ လက်ဆွဲကွန်ပျူတာ အချက်အလက်များမှ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၁ ရက် ရုရှနှင့်ပွဲအတွက် စီစဉ်ထားခြင်းဖြစ်သည်။

အဒက်စ်ဆလမ်ကိုဖမ်းမိခဲ့သော်လည်း ၎င်း၏နောက်လိုက်များက အစီအစဉ်ကိုဆက်လက်အကောင်ထည်ဖော်လိမ့်မည်ကို စိုးရိမ် ရသည်။

အိုင်အက်စ်အများအနေဖြင့် အင်္ဂလန်ပရိသတ်များကို ပရိသတ်ဇုန်အတွင်း ဘားဆိုင်များ၌ လက်နက်များဖြင့်ပစ်ခတ်တိုက်ခိုက် မည်ကိုလည်း အင်္ဂလန်လုံခြုံရေးအကြီးအကဲများက စိုးရိမ်နေသည်။

သို့ဖြစ်ရာ ပြင်သစ်အာဏာပိုင်များနှင့် ထဲထဲဝင်ဝင်လက်တွဲ အလုပ်လုပ်သွားမည်ဟု စီနီယာအဆင့်ပြောရေးဆိုခွင်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်အစီအစဉ်များပါဝင်သည့် လက်ဆွဲကွန်ပျူတာကို ဘရုဆဲလ်ရှိ အဒက်စ်ဆလမ်၏နေအိမ်ကို ဝင်ရောက်စီးနင်းစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲနေ့ကလည်း အီရတ်ရှိ ရီးယဲလ်မက်ဒရစ်ပရိသတ်များကို လက်နက်ကိုင်အကြမ်းဖက်သမားများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ၁၂ ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly