ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးနောက်ခံလူအဖြစ် ရာမို့စ် မှတ်တမ်းဝင်

ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးနောက်ခံလူအဖြစ် ရာမို့စ် မှတ်တမ်းဝင်

မေ ၂၉၊ မီလန် ။                ။ ရီးယဲလ်အသင်းက အက်သလက်အသင်းကို အနိုင်ရခဲ့သည့် ၂၀၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်သည် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်ပွဲတွင် ဂိုးသွင်းယူနိုင်သော ပထမဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ထိုပွဲစဉ်တွင် ရာမို့စ်သည် ပွဲချိန် ၁၅ မိနစ်၌ ရီးယဲလ်အသင်းအတွက် အဖွင့်ဂိုးကို ဂါရတ်ဘေးလ်ခေါင်းတိုက်ပြီး ရှန်တိန်လုပ်လိုက်သည့် ဘောလုံးမှတစ်ဆင့်ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ရာမို့သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဗိုလ်လုပွဲတွင်လည်း အက်သလက်အသင်းဘက်သို့ ခေါင်းတိုက်ကာ ချေပဂိုးသွင်းယူပေးခဲ့သည်။

ယခင် European Cup ပြိုင်ပွဲများတွင် အေဂျက်ဇ်နောက်ခံလူ ဗာဆိုဗစ်၊ ဆဲလ်တစ်နောက်ခံလူ တွန်မီဂမ်မဲလ်၊ လီဗာပူးလ်နောက်ခံလူ ဖီးလ်နီးလ်တို့မှာ ဗိုလ်လုပွဲနှစ်ပွဲ၌ ဂိုးသွင်းယူနိုင်ခဲ့ကြသည်။ ထို့ကြောင့် ရာမို့စ်မှာ လေးယောက်မြောက်နောက်ခံလူဖြစ်သော်လည်း ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲခဲ့သည့် ၁၉၉၂-၉၃ နောက်ပိုင်းတွင် ပထမဆုံးနောက်ခံလူ ဖြစ်လာခြင်း ဖြစ်သည်။

ထို့အပြင် ရာမို့စ်သည် ဒီစတီဖာနို၊ ဟက်တာရေး၊ ဂန်တို၊ ပွတ်ရှ်ကပ်နှင့် ရာအူးလ်တို့ပြီးနောက် ချန်ပီယံလိဂ်(European Cup)ပြိုင်ပွဲ ဗိုလ်လုပွဲနှစ်ပွဲတွင် ဂိုးသွင်းယူနိုင်သော ဆဋ္ဌမမြောက် ရီးယဲလ်ကစားသမား ဖြစ်လာခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly