ကျောင်းဖွင့်ရာသီ လိုင်ဇာရှိ ကျောင်းအဆောက်အအုံများ ပျက်ဆီးနေ၍ ပြန်ဆောက်ရန် အကူအညီလိုအပ်နေ

ကျောင်းဖွင့်ရာသီ လိုင်ဇာရှိ ကျောင်းအဆောက်အအုံများ ပျက်ဆီးနေ၍ ပြန်ဆောက်ရန် အကူအညီလိုအပ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က ဒုက္ခသည်စခန်းတစ်ခု၏ စာသင်ဆောင်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

ချင်းမိုင်၊ မေ ၂၉ ။            ။ ကျောင်းဖွင့်ချိန်ရောက်လာပြီ ဖြစ်သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာအနီးရှိ ဂျေယန်းစစ်ပြေး ဒုက္ခသည်စခန်းတွင် ကျောင်းအဆောက်အအုံများ ပျက်ဆီးနေသဖြင့် ဆောက်လုပ်ရန် အကူအညီလိုအပ်နေသည်ဟု သိရသည်။

“စာရွက်စာတမ်းကအစ အကုန်ခက်ခဲတယ်။ ကျောင်းဝင်းကာရမယ်။ ကျောင်းအအောက်အအုံတွေ ပြန်ပြင်ရမယ်။ ကလေးတွေရဲ့ ယူနီဖောင်း၊ စာရွက်စာတမ်းတွေ၊ ဆရာတွေ သုံးဖို့ ထိုင်ခုံတွေ လိုတယ်။ စာသင်ဖို့ ပရိဘောဂတွေ လိုနေတယ်။ ထိုင်ခုံ၊ စားပွဲတွေလည်း ပြင်ရမယ်။ အခက်အခဲတွေတော့ အများကြီးပါ။ နေအိမ်တစ်ချို့လည်း ဆောက်လုပ်ရန် လိုနေတယ်”ဟု KIO စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီး ဇော်ရော်က မဇ္ဈိမကိုပြောသည်။

လက်ရှိ ဂျေယန်းဒုက္ခသည်စခန်းအတွက် ဆန်၊ ဆီ၊ ကုလားပဲ၊ ဆားအတွက် ဂရုဏာအဖွဲ့မှ ကူညီထောက်ပံ့မှု ရရှိနေသော်လည်း ရေရှည်အတွက် ရိက္ခာ အကူအညီများ လိုအပ်နေသလို၊   ဂျေယန်းဒုက္ခသည်များ   နေထိုင်နေသည့် နေအိမ်အချို့လည်း ပြန်လည် ပြုပြင်ရန် လိုအပ်နေသည်ဟု သူက ပြောသည်။

“ကျောင်းပညာရေးနဲ့ အစားအသောက်တွေကအစ ကူညီထောက်ပံ့ပေးကြပါ တောင်းဆိုချင်ပါတယ် ”ဟု သူက ပြောသည်။

မူလတန်း ကျောင်းသားများအတွက် ကျောင်းစာအုပ်များကို UNICEF မှ ထောက်ပံ့ပေးသော်လည်း အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအတွက် အကူအညီ လိုအပ်နေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

စစ်ပြေး ဒုက္ခသည် အများဆုံး နေထိုင်သော စခန်းဖြစ်ပြီး ဝါးဖြင့် ပြုလုပ်ထားသော နေအိမ်များဖြစ်၍ ၅ နှစ်ကြာ ဆာက်လုပ်ထားသည့် နေအိမ်များဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလအတွင်းက တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် ကျောင်းအဆောက်အအုံများ ပျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လတ်တလော ကျောင်းအဆောက်အအုံများ ဆောက်လုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)နှင့် UNICEF အဖွဲ့အစည်းများက ဆောက်လုပ်ပေးမည် ပြောဆိုထားသည်ဟု သူက ဆိုသည်။ ဂျေယန်းဒုက္ခသည်စခန်းတွင် ဒုက္ခသည် ဦးရေ ၈၀၀၀ ကျော်ရှိပြီး မူလတန်းမှ ၇ တန်းအထိ ကျောင်းသူကျောင်းသား ဦးရေ ၂၀၀၀ ခန့် ရှိသည်ဟု သိရသည်။

KIO ထိန်းချုပ်ရာနယ်မြေတွင်လည်း မေလ ၂၅ ရက်မှစတင်၍ ကျောင်းနာမည်စာရင်း လက်ခံနေပြီ ဖြစ်ပြီး လာမည့် ဇွန်လ ၁ ရက်မှ စတင်၍ ကျောင်းစသင်ကြားတော့မည် ဖြစ်သည်။   ကျောင်းဝင်ကြေး   ကောက်ခံခြင်း မရှိသော်လည်း ကျောင်းသားများအတွက် ကျောင်းစာအုပ်အတွက် ဝယ်ယူရမည်ဟု ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ထို့ပြင် စာသင်ကြားပေးမည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်များလည်း ရှိနေဆဲ ဖြစ်သော်လည်း ဘာသာပေါင်းစုံမှ စေတနာ့ဝန်ထမ်းများလည်း ပေးအပ်လာလိမ့်မည်ဟု   မျှော်လင့်ထားကြောင်း သူက ဆိုသည်။

အလားတူ လိုင်ဇာမြို့ရှိ ဝိုင်ကြိုင် ဒုက္ခသည်စခန်းတွင်လည်း နေအိမ် ၈၀၀ ကျော် အသစ် ပြန်လည် ဆောက်လုပ်ရန် လိုအပ်နေသလို၊ မိုင်ဂျာယန်အနီးရှိ ပါကထောင် ဒုက္ခသည်စခန်းရှိ   နေအိမ်များလည်း   ပြန်လည် ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ မြန်မာ့တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သဖြင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေး ဒုက္ခသည် ၁၃၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၃၈ ဒေသ ဖောင်းဆိုင်ဘက်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အနီးရှိ မန်ပိန်းကျေးရွာ တစ်ရွာလုံးအား   မြန်မာ့တပ်မတော်မှ  မီးရှုံ့ဖျက်ဆီးခဲ့သဖြင့် တရုတ်နယ်စပ်သို့ စစ်ပြေးဒုက္ခသည် ၂၀၀ ခန့် ထပ်မံ တိုးမြင့်မှု ရှိမည်ဟု ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly