မြောက်ကိုရီးယားခေါင်းဆောင်ကို ထိန်းကျောင်းခဲ့ရသည့် အဒေါ် အမေရိကန်တွင် စီးပွားရေးလုပ်ကာ ပျော်မွေ့နေ

မြောက်ကိုရီးယားခေါင်းဆောင်ကို ထိန်းကျောင်းခဲ့ရသည့် အဒေါ် အမေရိကန်တွင် စီးပွားရေးလုပ်ကာ ပျော်မွေ့နေ

နယူးယောက်၊ မေ ၂၉ ။             ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်၏ အဒေါ်ဖြစ်သူတစ်ဦးသည် ၁၉၉၈ ခုနှစ်အတွင်းက နိုင်ငံအား စွန့်ခွာထွက်ပြေးလာကာ အမေရိကန်တွင် ခိုလှုံေနေထိုင်နေပြီး စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်နေထိုင်လျက်ရှိကြောင်း ဝါရှင်တန်ပို့စ်သတင်းတွင် ဖော်ပြသည်။

ကင်ဂျုံးအွန်၏ အဒေါ်ဖြစ်သူ ကိုယွန်ဆော့သည် ဆွစ်ဇာလန်တွင် ကင်ဂျုံးအွန် ကျောင်းတက်စဉ်က ထိန်းကျောင်းစောင့်ရှောက်ခဲ့ရပုံကို ပြောသည်။

လက်ရှိတွင် ကင်ဂျုံးအွန်၏ အမေ့ညီမဖြစ်သူ ကိုယွန်ဆော့အနေဖြင့် နယူးယောက်အပြင်ဖက် တစ်နေရာတွင် နေထိုင်လျက်ရှိနေသည်။

အမေရိကန်သို့ ခိုလှုံလာစဉ် စီအိုင်အေက နေစရာအိမ်တစ်လုံး ဝယ်ယူပေးခဲ့သည်ဟူသော ကိုယွန်ဆော့၏ ပြောကြားချက်အပေါ် စီအိုင်အေက အတည်လည်း မပြုသလို ငြင်းဆန်ခြင်းလည်း မရှိပေ။

ဆွစ်ဇာလန်တွင် ပညာသင်ကြားကြသည့် အာဏာရှင်မိသားစုများကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် ကိုယွန်ဆော့အား ခင်ပွန်းဖြစ်သူနှင့်အတူ ပို့ဆောင်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိမြောက်ကိုရီးယားခေါင်းဆောင်ဖြစ်နေသူ ကင်ဂျုံးအွန်က သည်းညည်းခံနိုင်စိတ်နည်းပါးက ဒေါသအမျက်ကြီးသူတစ်ယောက်ဖြစ်ကြောင်း ကိုယွန်ဆော့က အမှတ်ရနေသည်။

ယခုနှစ်ပေါင်း ၂၀ နီးပါး ကင်ဂျုံးအွန်အား မတွေ့မြင်ရပြီဖြစ်သော်လည်း ဝါရှင်တန်ပို့စ်နှင့် အင်တာဗျူးတွင် ကိုယွန်ဆော့က သိရှိသမျှ ပြောပြခဲ့သည်။

ကင်ဂျုံးအွန်သည် ၁၉၈၂ သို့မဟုတ် ၁၉၈၃ ခုနှစ်အတွင်း မွေးသူဟု အများပြောသလိုမဟုတ်ဘဲ ၁၉၈၄ ခုနှစ်ဖွားတစ်ဦးသာဖြစ်ကြောင်း၊ ယင်းနှစ်တစ်နှစ်တည်းမှာ ကိုယွန်ဆော့က သူ၏ သားကိုလည်း မွေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

"ကင်ဂျုံးအွန်နဲ့ ကျွန်မသားက မွေးချင်းဖွားဖက်တွေပါပဲ။ သူတို့နှစ်ဦးစလုံးရဲ့ အနှီးတွေကို ကျွန်မကပဲ လဲပေးခဲ့ရတာဖြစ်ပါတယ်။"ဟု ကိုယွန်ဆော့က ဝါရှင်တန်ပို့စ်သို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required