အမျိုးသမီးများအပေါ် ကိုယ်ချင်းစာတရားထားပါ ဆိုသည့် ဒေါက်ဖိနပ်စီးဝတ်ဆင်သည့် လှုပ်ရှားမှုတွင် ပါ၀င်သူ ကိုမျိုးခိုင် နှင့် မေးခွန်း အချို့

အမျိုးသမီးများအပေါ် ကိုယ်ချင်းစာတရားထားပါ ဆိုသည့် ဒေါက်ဖိနပ်စီးဝတ်ဆင်သည့် လှုပ်ရှားမှုတွင် ပါ၀င်သူ ကိုမျိုးခိုင် နှင့် မေးခွန်း အချို့

'အမျိုးသမီးများ၏အခက်အခဲနဲ့ နာကျင်မှုတွေကို မျှဝေခံစားမှုရှိတယ်ဆိုတာကို ဖော်ပြရာမှာ အလွယ်ကူဆုံး၊ အမြင်သာဆုံးဖြစ် တဲ့ဒေါက်ဖိနပ်စီး ကန်ပိမ်းပုံစံနဲ့လှုပ်ရှားတာပါ'

အမျိုးသမီးများ၏ အခက်အခဲနှင့်နာကျင်မှုများကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ် ဝတ်ဆင်သွားလာသည့် လှုပ်ရှားမှု တစ်ခုကို ဇွန် ၂၇ရက်က ရန်ကုန်မြို့၊ မြေနီကုန်း ဒဂုံစင် တာ -၂ ဒုတိယထပ်ရှိ ပရိုမိုးရှင်းဧရိယာ တွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို  ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ Research Working Group အဖွဲ့ဝင်များမှ ပူးပေါင်းကျင်းပ သည့် "ရုန်းမထွက်သာ အစဉ်အလာ" Public Campaign ကျင်းပသည့် အစီအစဉ်တွင် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ကွန်ရက်အဖွဲ့တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမသန်စွမ်း အမျိုးသမီးများ အဖွဲ့မှေျစတနာ့ဝန်ထမ်းအမျိုးသားက ‘ put yourself in her shoes’ (အမျိုးသမီးများအပေါ် ကိုယ်ချင်းစာတရားထားပါ) အမည်ဖြင့် freelance အဖွဲ့ဖွဲ့ကာ ဒေါက်ဖိနပ်စီး လှုပ်ရှားမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုတွင်ပါဝင်သည့် ကိုမျိုးခိုင်က “အမျိုးသမီးများ၏ အခက်အခဲနဲ့ နာကျင်မှုတွေကို မျှဝေခံစားမှု ရှိတယ်ဆိုတာကို ဖော်ပြ ရာမှာ အလွယ်ကူဆုံး၊အမြင်သာဆုံးဖြစ်တဲ့ ဒေါက်ဖိနပ်စီး ကန်ပိမ်းပုံစံနဲ့လှုပ်ရှားတာပါ၊

တစ်ခြားနိုင်ငံတွေမှာတော့ လမ်းလျှောက်ပြီး လှုပ်ရှားမှုလုပ်နေကြပါ၊ ကျွန်တော်တို့ကတော့ခုမှစတာမို့ ဒီပွဲတစ်လျှောက်လုံး ဒေါက်စီးတယ်၊ စတိတ်စင်ပေါ် မှာ ဒီကန်ပိမ်းအကြောင်းပြောတယ်၊ လမ်းလျှောက်ပွဲတော့ မလုပ်သေးဘူးပေါ့၊ အမျိုးသမီးအရေးအတွက် တစ်ခြားသော လမ်းလျှောက်တဲ့ လှုပ်ရှားမှုတွေရှိရင်တော့ အတူပူးပေါင်းသွားမယ်၊ ဒေါက်ဖိနပ်စီးရာတာ လွယ်တာတော့မဟုတ်ဘူးဗျ တော်တော်နာတယ်" ဟုဆိုသည်။

အမျိုးသမီးများအတွက် မိသားစု၊ လုပ်ငန်းခွင်၊ ကျောင်းစသည့် ပတ်ဝန်းကျင်များတွင် ရှိနေသည့် မတူညီသောစိန်ခေါ်မှုများ၊ အခက်အခဲများကို လွဲမှားသောစံနှုန်းများကြောင့် ခွဲခြားဆက်ဆံခံနေရမှုများကို ဖယ်ရှား၍ ပွင့်လင်းလွတ်လပ်သော လူနေမှု တစ်ရပ်စီသို့ ရောက်စေရန်အတွက် ယင်းကဲ့သို့သော လှုပ်ရှားမှုများတွင် အမျိုးသားများက ကိုယ်တိုင်ကိုယ်ကျပါဝင်သင့်သည်ဟု လည်း ကိုမျိုးခိုင်က ဆိုသည်။

အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သူ ကိုမျိုးခိုင်နှင့် မဇ္ဈိမက မေးခွန်းတချို့ မေးမြန်းခဲ့ပြီး ကောက်နှုတ် ဖော်ပြပေးထားပါသည်။
 ကိုမျိုးခိုင်တို့ ဒီ Put Yourself in Her Shoes (အမျိုးသမီးများအပေါ် ကိုယ်ချင်းစာတရားထားပါ) အဖွဲ့ကို ဖွဲ့ပြီး လှုပ်ရှားမှုတွေ လုပ်ဖို့ အိုင်ဒီယာ ဘယ်လိုရတာလဲရှင့်။

ဒီလို အဖွဲ့လေးဖွဲဖို့အိုင်ဒီယာရတာကတော့  အရင်ကတည်းက ကျွန်တော်တို့က မသန်စွမ်းအမျိုးသမီးအဖွဲ့မှာ စေတနာ့ ဝန်ထမ်း လည်း လုပ်ပေးနေကြတယ်၊ နိုင်ငံတကာမှာ အမျိုးသားများက အမျိုးသမီးများအပေါ် ကိုယ်ချင်းစာတရား ထားတာကိုဖော်ပြကြောင်း ဒေါက်ဖိနပ်စီးလှုပ်ရှားမှုတွေ လည်းလုပ်ဆောင်နေကြတာ ရှိတယ်။

ဒီမှာလည်း  လုပ်ကြည့်ရင်ကောင်းမယ်လို့ စဉ်းစားမိကြပြီး သူငယ်ချင်းသုံးယောက်နဲ့ ၂၀၁၅ဇွန်လက စလုပ်တာပါ၊ ကျွန်တော်ရယ်၊ ကိုထက်အောင်ရှိုင်းရယ်၊ ကိုသားကို ရယ်ပေါ့။လောလောဆယ်တော့ သုံးယောက်ပဲ၊ freelance အဖွဲ့လေးပါပဲ၊ ဖေ့ဘွတ်မှာလည်း Put Yourself im Her Shoes (အမျိုးသမီးများအပေါ် ကိုယ်ချင်းစာတရားထားပါ) ဆိုပြီးပေ့ချ်လုပ်ထားပါတယ်ဗျ။ ပထမဆုံး အနေ နဲ့  ဇွန် ၂၈ရက်က ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ရဲ့ "ရုန်းမထွက်သာ အစဉ်အလာ" Public Campaign ကျင်းပတဲ့ အစီအစဉ်မှာ လှုပ်ရှားခဲ့ပါတယ်။

နောက်ထပ်ဘယ်လိုတွေ လှုပ်ရှားသွားဦးမလဲရှင့်။

လောလောဆယ်တော့ အွန်လိုင်းကန်ပိန်းတွေပဲ လှုပ်ရှားသွားဦးမယ်။ နိုဝင်ဘာလမှာလုပ်မယ့် “၁၆ ရက်တာ လှုပ်ရှားမှု” လို့ခေါ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ပပျောက်ရေးလှုပ်ရှားမှုမှာ ပါဝင်ဖို့ရှိတယ်။ ကျန်တာကတော့ အွန်လိုင်း လှုပ်ရှားမှုတွေလုပ်သွားမယ်။

အဖွဲ့ဝင်ထပ်ပြီး ဖိတ်ခေါ်ထားသေးလားရှင့်။

“၁၆ ရက်တာ လှုပ်ရှားမှု” လုပ်မယ့်အချိန်ကျရင်တော့ အမျိုးသား စေတနာ့ဝန်ထမ်းတွေ ဖိတ်ခေါ် သွားမှာပါ၊ လေလောဆယ် ကျွန်တော်တို့က တစ်ပိုင်တစ်နိုင်လေးပါပဲ။

ဖြည့်စွက်ပြောချင်တာလေးရှိရင်ပြောပါဦးရှင့်။

အမျိုးသမီးများတွေက အိမ်မှာ၊ အလုပ်မှာ အမျိုးသားတွေနဲ့မတူတဲ့ စွမ်းဆောင်ရည်တွေ ရှိသလို၊ မတူညီတဲ့ အခက်အခဲ၊ နာကျင်မှုတွေလည်းရှိနေပါတယ်၊ ဒါကို အမျိုးသားတွေကလည်း မျှဝေခံစားပေးဖို့ တကယ်လိုအပ်ပါတယ်။ ဒါမှလည်း ပွင့်လင်းလွတ်လပ်သော လူနေမှုတစ်ရပ်ဆီ ရောက်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly