လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ဘယ်လို ကူးပြောင်းမလဲဆိုတဲ မေးခွန်းကို ဖြေရမှာ ခပ်ရှက်ရှက်ပဲဆိုတဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ဘယ်လို ကူးပြောင်းမလဲဆိုတဲ မေးခွန်းကို ဖြေရမှာ ခပ်ရှက်ရှက်ပဲဆိုတဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

မဇ္ဈိမ ။  ။ ဝန်ကြီးပြောသွားတာလည်း တော်တော်ပြည့်စုံပါတယ်။ နောက်ထပ်တစ်ခုပဲ ကျွန်တော်တို့က အရင်တုန်းက ဧရာဝတီတိုင်းက ကျွန်တော်တို့နိုင်ငံရဲ့ စပါးကျီ အရှေ့တောင်အာရှရဲ့ စပါးကျီလို့ တင်စား ခေါ်ဝေါ်တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဝန်ကြီးသိတဲ့အတိုင်းပဲ ကမ္ဘာ့ဘဏ်က မနေ့တစ်နေ့က မှ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်ခုမှာဆိုရင်တော့ ဒီအရှေ့တောင်အာရှမှာ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးထုတ်လုပ်မှု အနည်းဆုံးလို့ ဖော်ပြတာရှိတယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီဝန်ကြီးတို့ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ စပါးကျီလို့ တင်စားခေါ်ဝေါ်ဖို့ကို ဘယ်လောက်အထိ မျှော်မှန်းလို့ရမလဲခင်ဗျ။

ဝန်ကြီး ။  ။ ဘယ်လောက်မျှော်မှန်းလို့ရမလဲဆိုတာ ကျွန်တော်တို့ ဘယ်လောက်အထိ အစီအမံတိုင်း လုပ်နိုင်တယ်။ ကျွန်တော်တို့နဲ့ ပါဝင်တဲ့ အရင်ကာလက ဌာနဆိုင်ရာ ဝန်ထမ်းတွေက ကျွန်တော်တို့ ခေါင်းဆောင်အောက်မှာ ဘယ်လောက်အထိ လိုက်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီပြီးခဲ့တဲ့ အတိတ်ကာလကို သင်ခန်းစာတွေယူပြီးတော့ နိုင်ငံတကာကို လိုက်မှီအောင် ခုနက ကိုယ့်ညီပြောတဲ့ နိုင်ငံတကာ သူများတန်းတူ လိုက်နိုင်မယ့် အစီအစဉ်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ဥပမာဆိုလို့ရှိရင် ဗီယက်နမ်နဲ့ ထိုင်းဟာ မဲခေါင်မြစ်ဝကျွန်းပေါ်တစ်ခုတည်းကို စားသုံးပြီးတော့ ကမ္ဘာပေါ်မှာ ဆန်ထုတ်လုပ်ဆုံးနိုင်ငံ ပထမနဲ့ ဒုတိယကို ယူထားတယ်။ ကော်ဖီထုတ်လုပ်မှုနိုင်ငံ အခုဆို ဘရာဇီးထက် ဗီယက်နမ်က သာသွားပြီ။ ငရုတ်ကောင်းထုတ်လုပ်မှု သာသွားပြီး။ ဥပမာ ကြက်၊ ဘဲ၊ ဝက် အကုန်လုံးကို လည်း ထိုင်းက နိုင်ငံတကာပို့တယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံကိုလည်း ထိုင်းကပို့တယ်။ ဒီမြစ်ဝ ကျွန်းပေါ်တစ်ခုတည်းပဲ သူတို့ကသုံးတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသကို ဘိုးဘွားလက်ထက် ဟိုးနှစ်ပေါင်းများစွာတည်းက ယနေ့ထိ မိုးသီးနှံတစ်ခုပဲစိုက်ပြီးတော့ နွေကျရင် ဘာသီးနှံမှ မစိုက်နိုင်ဘဲနဲ့ ဒီအတိုင်းပဲ ကြည့်နေရတဲ့အတွက် ထူးခြားတာက ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ တန်ဖိုးကြီးတဲ့ မြစ်ဝကျွန်းပေါ်မှာ လူတွေက ချမ်းသာပြီးတော့ ဗမာပြည်မှာရှိနေတဲ့ ဧရာဝတီမြစ် ဝကျွန်းပေါ်မှာနေတဲ့ လယ်သမားတွေက အဆင်းရဲဆုံးဖြစ်နေတယ်။ အကြောင်းရင်းက ဘာလဲဆိုတော့ မိုးတွင်းမှာက တိမ်တွေဖုံးတယ်။ နေမသာဘူးဆိုတော့ သီးနံှက နွေထက် သုံးချိုးတစ်ချိုးလောက်ပဲ ထွက်တယ်။ ဥပမာ မိုးမှာဆို စပါး ငါးဆယ်လောက်ပဲ ထွက်တယ်။ ဘာစပါးစိုက်စိုက် ငါးဆယ်လောက် ပဲထွက်တယ်။ အကြောင်းကတော့ နေမသာလို့။ တစ်နေ့နေ့ နေသာတာက တစ်နေ့နေ့ကို သုံးနာရီကနေ ငါးနာရီအထိ နေသာတာပဲရှိတယ်။ ဒီလေးငါးလမှာ။ နွေကျရင်တော့ တစ်နေ့တစ်နေ့ နေသာတဲ့ကာလက တစ်နေ့ကို ၁၀ နာရီလောက်ရှိတယ်။ ဆိုတော့ နှစ်ဆလောက်ရှိတယ်။ အကြောင်းက ရေမပေးနိုင် ဘူး။ ရေကလည်း မြစ်တွေချောင်းတွေက ပေါလျှံပြီးတော့ ရေချိုတွေကလည်း ကိုယ့်ဧရာဝတီတိုင်းကလည်း သိတဲ့အတိုင်းပဲ။ တစ်နေ့ကို ရေက နှစ်ကြိမ်တက်တယ် နှစ်ကြိမ်ကျတယ်။ လယ်ထဲမှာ မြေနိမ့် ပိုင်းဝင်သွားတဲ့ အိမ်မဲတို့၊ မြောင်းမြတို့ကျတော့ ရေအလိုလိုဝင်သွားတော့ စပါးစိုက်နိုင်မယ်။ ရေမဝင်ဘူး ဒီအတိုင်းပဲ တိုက်နေတယ် မစိုက်နိုင်ဘူး။ ပိုက်ဆံမရှိလို့ လယ်သမားက မြင်နေရတယ်၊ မကြင်ရ ဘူး။ ဒီရေကို အသုံးမချနိုင်တဲ့အတွက် ဘိုးဘွားလက်ထက်တည်းက ယနေ့အထိ အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ဒါကို ကျွန်တော်တို့က အကျိုးအမြတ်ရှိအောင်လုပ်မယ်။ ဘယ်လိုလုပ်မလဲ။ ဒီမှာ နဂိုတည်းက ဆည်မြောင်းဌာနရဲ့ စီမံကိန်းတွေဖြစ်တဲ့ စပါးတစ်နှစ်စီမံကိန်းတွေဖြစ်တဲ့ ရွှေဒေါင်းကွင်း စီမံကိန်း၊ မအူပင်-သုံးခွကျွန်းစီမံကိန်း၊ လက်ပွတ္တာကျွန်းစီမံကိန်း၊ ကျွန်းကြီးတွေပတ်ထားတယ်။ ပတ်သော်လည်း သူတို့ရဲ့ ကျွန်းတွေက ကန့်လန့်ဖြတ် ချောင်းတစ်ချောင်းပဲရှိတယ်။ ကျွန်းကြီးမှာ ဧက လေးငါးသောင်းလောက်ရှိတယ်။ လယ်ကြားမြောင်းခေါ်တဲ့ ကြားမြောင်းတွေ မရှိဘူး။ ကျွန်းပိတ်ထားတဲ့ ရေပိတ်ထားတဲ့ ကြားမြောင်းတွေမှာ ကြားမြောင်းတွေ တူးပေးလိုက်ခြင်းဖြင့် ရေက အချိန်မရွေးမှာ ရေရရှိနိုင်ပြီးတော့ စိုက်နိုင်တယ်။ ရေမြောင်းတွေ ထပ်တိုးချဲ့နိုင်ခြင်းဖြင့် အဲ့နေရာတွေမှာ ကျွန်တော်တို့ တွေ ဘယ်သီးနှံမဆိုစိုက်နိုင်တယ်။ စိုက်ချင်တာစိုက်နိုင်တဲ့ ဒေသတွေဖြစ်လာပြီးတော့ ကျွန်တော်တို့ လည်း စီးပွားရေးအရ တိုးတက်လာတယ်။ ကျွန်တော်တို့ ရေပညာရှင်တွေနဲ့ ဆွေးနွေးပြီးတော့ ရေဆုံးရံှုးမှုမရှိအောင် ရေမြောင်းတွေတူးပြီးတော့ ရေတံခါးတွေတပ်ခြင်းအားဖြင့် ရေတွေက လှောင်ပြီးတော့ ကျွန်တော်တို့ နွေအခါမှာ ကြိုက်တဲ့သီးနံှ စိုက်နိုင်မယ်။ ဒီမြောင်းတွေက ကျွန်တော်တို့ transportation အဲ့က ကြိုက်တဲ့ transportation လုပ်ပြီးတော့ လယ်တွေရဲ့ Operation တွေလုပ်နိုင်တယ်။ ဒီ Plan ကို စတင်ရေးဆွဲပြီးတော့ အကောင်အထည်ဖော်ပြီးတော့ KOICA (ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) နဲ့ နယ်သာလန်က ကျွန်တော်တို့ကို အကူအညီပေးမယ်။ KOICA ကတော့ ငွေကူညီပေးမယ်။ နယ်သာလန်ကတော့ ရေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ ကျွန်တော်တို့ကို သူတို့က လုပ်ပေးမယ်။ မိုးသီးနှံမှာ တစ်သီးပဲစိုက်ပျိုးတဲ့ဟာတွေ မိုးသီးနှံ တိုးချဲ့စိုက်ပျိုးရင် မိုးသီးနှံက သုံးဆလောက် တက်လာတဲ့အတွက် စပါးဆိုရင် ဧက တစ်သန်းဆိုရင် ဧရာဝတီမှာ ကျွန်တော်တို့ စပါး နှစ်သန်းရှာနိုင်လို့ရှိရင် ဆန် သုံးသန်းလောက် ထွက်တယ်။ ဘာလို့လဲဆိုတော့ စပါး ၈၀ မှာ ဆန် တစ်တန်ဖြစ်တဲ့အတွက် စပါး၁၂၀ နွေမှာ အေးအေးဆေးဆေးထွက်တယ်။ ၁၂၀ဆို ဆန် တစ်တန်ခွဲ ဆိုတော့ ဧကနှစ်သန်းလောက် စိုက်နိုင်ရင် ကျွန်တော်တို့ ဆန်သုံးသန်းခွဲ  သုံးသန်းခွဲက ကျွန်တော်တို့ ဒေသပဲစားစား အပြင်ပဲပို့ပို့ လက်တလောမှာ ဒါလုပ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါဆိုရင် ကိုယ့်ညီမေးခွန်းအတွက် အလားအလာက အဲ့ဒီမှာရှိတယ်။ အညာဒေသတွေကျတော့လည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမှာ မြေအောက်ရေတွေ အများကြီးရှိတယ်။ အဲ့လိုဆွေးနွေးတိုင်းမှာ တစ်ယောက်သောသူက အမြဲတမ်း ထမေးတယ်။ ဆရာကြည့်လုပ်ပါ။ အောက်မှာ ဆားဓာတ်တွေရှိတယ်။ ဘာဓာတ်တွေရှိတယ်။ ဒီမှာ မြေပုံကြည့်ပါ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရဲ့ မြေပုံဖြစ်ပါတယ်။ ဒီမြေပုံဟာ အပြာရောင်ချယ်ထားတဲ့ ရေရဲ့ Electro Connectivity ကိုတိုင်းတဲ့ 0 to 1500 သီးနှံစိုက်တဲ့ ဧရိယာဖြစ်ပါတယ်။ အပြာတွေပါပဲ။ ဒါကို ၁၉၈၆ မှာ ပညာရှင်တစ်ယောက်က တိုင်းထားတာ။ လက်တွေ့မှာတော့ ဒါကို သွားပြီးတော့ ရေတိုင် မထူသေးဘူး။ ရေတိုင်ဆိုတာကတော့ လေးပွင့်ဆိုင် တွင်းလေးတွေတူးပြီးတော့ ထားတာ။ ရေတစ်တိုင်မှာ စပါး ရှစ်ဧကရတယ်။ ပဲဆိုရင် ဧက သုံးလေးဆယ်ရတယ်။ ဒီလုပ်ငန်းက ရွှေပဲ။ ရေက ရွှေပဲ။ ဒါပေမယ့် ဒီရေတိုင်ကိုပေးနိုင်ဖို့ အခုထိ ဘယ်သူမှ မလုပ်နိုင်သေးဘူး။ တကယ်တော့ လုပ်နေတာက ကျောက်ဆည်ဒေသ စဉ့်ကိုင်၊ ဝမ်းတွင်း မိတ္ထီလာနောက်ကျေမှာ ရေတိုင်လေးတွေ သွားပေးတယ်။ လယ်သမားတစ်ယောက်မှာ တစ်တိုင်ပေးတယ်။ သွားကြည့်တော့ လယ်သမားတွေက တစ်တိုင်မက လိုချင်တယ်။ ဘာလို့လဲဆိုတော့ သူ့မှာက ဧက နှစ်ဆယ်သုံးဆယ်ရှိရင် အဲ့ဒီလိုအပ်တာကို နိုင်ငံတော်က ဖြည့်စွမ်းပေးလိုက်ရင် ဒါဟာ သူတို့အ တွက် ဘယ်လိုလောက်ထူးခြားသလဲဆိုရင် အခုလို တစ်ပြည်လုံးမှာ မနေနိုင်၊ မထိုင်နိုင်အောင်ပူတဲ့ နေရာမှာ ပဲတီစိမ်းတွေစိုက်တယ်၊ ငရုတ်တွေစိုက်တယ်။ နောက်ပြီးတော့ နှမ်းတွေစိုက်တယ်။  ဒီ ဘယ်သူ့မှ မထိတွေ့သေးတဲ့ စစ်ကိုင်း၊ မန္တလေးမှာလည်း ပဲ၊ နေကြာ၊ နှမ်း၊ မြေပဲ ဒါတွေက ရေလိုတယ်။ ရေလိုတော့ သဲတောထဲက ရေကျန်လေးကိုပဲ သုံးရတဲ့အတွက် ငါးတင်း၊ ဆယ်တင်းပဲထွက်တယ်။ ရေသာပေးလိုက်ရင် နှစ်ဆယ် သုံးဆယ်ထွက်မယ်။ ဘာပဲလိုလဲဆိုတော့ နိုင်ငံတော်အနေနဲ့ ဆည်တွေပဲဆောက်နေတဲ့ဟာကို တိုင်းပြည်အတွက် အနေအထား မကောင်းတဲ့အခါမှာ ဆည်တွေဆောက်နေတာတွေကို ရပ်ပြီးတော့ မြေအောက်ရေရရှိရေး။ မြေအောက် ပေတစ်ရာဆိုရင် ထွက်ပြီ။ ရေတိုင်တစ်တိုင်မှ နှစ်သိန်းသုံးသိန်းပဲကုန်တယ်။ ဒါကိုသာ နိုင်ငံတော်အနေနဲ့ စီမံချက်ချပြီးတော့ ဒီဧရိယာတွေမှာ မြေအောက်ရေးသွင်းစိုက်ပျိုးရေးတွေ လုပ်မယ်ဆိုရင် တကယ်ကို Energy ဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ မြေပဲတို့ကို တိုးတက်ထုတ်လုပ်နိုင်မယ်။ ဒီအတွက်ကိုလည်း စီမံချက်ထားပြီးတော့ ဆည်မြောင်းဝန်ကြီးဌာန မြေအောက်ရေရရှိရေး၊ ရေအရင်းမြစ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ လိုအပ်လို့ရှိရင် နိုင်ငံတကာရဲ့ အကူအညီတွေ ODA ဂျပန်နိုင်ငံရဲ့ OTA Loan (ဖွံ့ဖြိုးတိုးတက်မှုအတွက် တရားဝင်ချေးငွေ)နဲ့ ဆောင်ရွက်မယ်။ ဒီအပိုင်းကို ဆောင်ရွက်ခြင်းအားဖြင့် သီးနှံတွေထွက်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ Protein ပြောင်း၊ နှမ်း၊ ဝါ တွေပါ တွဲထုတ်လိုက်မယ်ဆိုရင် တစ်ပြိုင်တည်းမှာ တိုးတက်ထုတ်လုပ်လာနိုင်မယ်လို့ ယူဆတယ်။

အင်တာဗျုး ဗွီဒီယိုဖိုင်အားကြည့်ရန်-https://www.facebook.com/MizzimaDaily/videos/1191283037573266/

မဇ္ဈိမ ။ ။ ခုနက ဝန်ကြီးပြောသွားတဲ့အထဲမှာ သိမ်းဆည်းမြေတွေ ပြန်ပေးမယ်ဆိုတော့ ဖေ့ဘုတ်သုံးတဲ့ သူတွေ မဇ္ဈိမဖေ့ဘုတ်သုံးတဲ့သူတွေက ကျေးဇူးတင်ပါတယ်။ ဝမ်းသာပါတယ်တဲ့ လာပြောနေတယ်။ ဝန်ကြီးကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါလို့ လာပြောနေပါတယ်။

နောက်တစ်ခုကတော့ ဖေ့ဘုတ်သုံးတဲ့သူတစ်ယောက်က တောင်သူတွေဘဝကို လေ့လာသင့်တယ်တဲ့။ တချို့တွေဆို အရင်းအနှီးမရှိဘူး။ နည်းပညာမရှိဘူး။ လမ်းပျောက်နေတယ်။ အဲ့ဒီဘဝတွေကို တိုးတက် မြင့်မားအောင် ဝန်ကြီးတို့ ဘယ်လိုလုပ်ပေးမလဲဆိုတာကို မေးခွန်းထုတ်ထားပါတယ်။ အဲ့ဒါကို ဝန်ကြီး အနေနဲ့ ပြန်ဖြေပေးပါဦးခင်ဗျာ။

ဝန်ကြီး ။  ။ ဒါကလည်း လောလောဆယ်မှာ နိုင်ငံတော်က စောစောက တစ်ဧကကို တစ်သိန်းပေးပြီးတဲ့နောက်မှာ ကျွန်တော်တို့ လယ်ယာလုပ်သမားတွေအတွက်ကို သန်းပေါင်း ၅၀၀ ထပ်ပြီးတော့ ဗဟိုဘဏ်ကနေ ချေးပြီးတော့ စိုက်ပျိုးရေးကို ပံ့ပိုးပေးတာ အတိုင်းထက်လွန်ပါပဲခင်ဗျာ။ နိုင်ငံတကာ မှာတော့ Insurance system ဆိုတာရှိတယ်။ အမှန်ကတော့ ဒီဟာတွေ တောင်းတာကလည်း တစ်ပိုင်းပေါ့။ ဒါတွေက လုံလောက်ပါတယ်။ ဒါပေမယ့် ယာသီးနှံကတော့ ကျွန်တော်တို့ဝန်ကြီးဌာနမှာ ဝန်ကြီးကလည်းပြောတယ်။ မလုံလောက်တာမှန်တယ်။ ဒါပေမယ့် နိုင်ငံတော်ဘတ်ဂျက်မှာကိုက ဒီလောက်ပဲရှိတော့ မပေးနိုင်ဘူး။ ပေးချင်တာပေါ့နော်။ အရေးကြီးတာက သီးနှံတွေပျက်ဆီးဆုံးရှုံးတာကို လယ်သမားတိုင်း ခါးစီးခံရတယ်။ ဒါကို ဘယ်သူမှ အာရုံမစိုက်ဘူး။ တကယ်တော့ ဒီသဘာဝဘေးကြောင့် လယ်သမားတွေ ပျက်စီးဆုံးရှုံးတဲ့အခါမှာတော့ နိုင်ငံတော်ကနေ လယ်သမားကို ဘယ်လိုအကာအကွယ်ပေးပြီး ဘယ်လိုအာမခံချက်ပေးပြီးတော့မှ လုပ်မယ်ဆိုတဲ့အပိုင်းက ပိုပြီးတော့ အရေးကြီးပါတယ်။ အဲ့ဒါကိုလည်း ထည့်သွင်းစဉ်းစားပြီး လာမယ့်ကာလမှာ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းပြီးတော့၊ ဒီဥစ္စာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နိုင်ငံတကာမှာတောင်မှ ဒီလိုမျိုး သဘာဝဘေးဒဏ်နဲ့ ပတ်သက်တဲ့ Insurance (အာမခံချက်က) တော်တော်လေးစဉ်းစားပြီး ပေးတာ ဖြစ်တဲ့အတွက် အတွေ့အကြုံရှိတဲ့ နိုင်ငံကြီးတွေ ဂျပန်တို့၊ တရုတ်တို့နဲ့ ညှိနှိုင်းပြီးမှ ကျွန်တော်တို့ ပေးဖို့ အစီအစဉ် ရှိပါတယ်။

မဇ္ဈိမ ။  ။ နောက်မေးခွန်းတစ်ခုကတော့ ဒီမေးခွန်းနဲ့ စပ်ဆက်ပြီးတော့ပါပဲခင်ဗျာ။ ဝန်ကြီးတို့ပေးတဲ့ စိုက်ပျိုးစရိတ် ချေးငွေပေါ့နော်၊ ဒါကို ကျွန်တော် လယ်သမားတွေကို စုံစမ်းတဲ့အခါမှာလည်း လုံလောက်တယ်လို့ သူတို့ပြောကြပါတယ်။ ကျေးဇူးလည်းတင်တယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် တစ်ခုရှိတာက ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့ ကြွေးကြော်ခဲ့တာရှိပါတယ်။ ဒါကဘာလဲဆိုတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းမယ်လို့ ကြွေးကြော်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ထိကို လယ်သမားတွေက ကျွန်တော်တို့ဘက်မှာတော့ ဒိန်းဒေါင်း ခေါ်တာပေါ့၊ ခွန်ဒေါင်း ခေါ်တာပေါ့၊ သိန်းသုံးဆယ်ကျော်၊ လေးဆယ်လောက်ပေးရတယ်ပေါ့။ လယ်သမားတစ်ယောက်အနေနဲ့က မဝယ်နိုင်တဲ့အနေအထားဖြစ်နေတယ်။ ထွန်စက်တို့ ရိတ်စက်တို့လို မြင့်မားတဲ့စက်တွေ မပါသေးဘူးပေါ့နော်။ အခြေခံအဆင့် လိုအပ်ချက်တောင်မှ သူတို့အတွက် ဝယ်နိုင်တဲ့အင်အားမရှိဘူးဆိုတော့ ဒီကိစ္စနဲ့ပတ် သတ်ပြီးတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းဖို့အတွက် ဝန်ကြီးတို့ အစိုးရအနေနဲ့ ဘယ်လိုအစီအမံတွေများ ထပ်လုပ်ဖို့ ရှိပါသလဲခင်ဗျာ။

ဝန်ကြီး ။  ။ ဒါကလည်း မေးသင့်တယ်။ တော်တော်ကောင်းတဲ့ မေးခွန်းတစ်ခုပဲ။ ဒီအတွက် ဖြေရမယ်ဆို ရင်တော့ ဖြေရမှာ ခက်ရှက်ရှက်ပဲဗျာ။ နိုင်ငံတော်မှာက စိုက်ပျိုးတာက မိုးတွင်းမှာ ၁၆ သန်း နွေမှာ ၃ သန်း ဒီလိုပဲ ပြောတာပေ့ါ။ တကယ်တမ်းတော့ အဲ့လောက်တော့ ရှိချင်မှရှိမှာ။ မြေသိမ်းယာသိမ်းနဲ့ဆိုရင် အများဆုံး မိုးတွင်းမှာ ၁၄ သန်း နွေမှာ ၂ သန်း ၁၆ သန်းတော့ရှိမယ်ဗျာ။ သို့သော် ၁၆ သန်း ရှိတဲ့အထဲမှာ နိုင်ငံတော်မှာ ထွန်ဖို့ယက်ဖို့ရှိတဲ့ စက်အရေအတွက်က အစင်း ၂၀၀၀ ပဲရှိတယ်။ နောက်ပြီးတော့ ရိတ်ချွေစက်က ၄၀၀ ကျော်ပဲရှိတယ်။ ဒါက စဉ်းစားကြည့်လိုက်လို့ရှိရင် တိုင်းတစ် တိုင်းစာလောက်ပဲရှိတယ်။ တိုင်းပေါင်း ၁၆ တိုင်းပေါ့နော်။ ဆင်ပါးစပ်၊ နှမ်းပက်တဲ့ အနေအထားဖြစ်နေတယ်။ ဆင်သားရေကို ဆိတ်သားရေနဲ့ ဖာသလို ဖြစ်နေတယ်။ မလုံမလောက်ပေါ့ဗျာ။ အရေအ တွက်က သိပ်ကွာလွန်းအားကြီးတယ်။ အဲ့ဒါကို ကျွန်တော်တို့ ဆွေးနွေးတဲ့အခါကျတော့ ကျွန်တော်တို့ အဖြေထွက်တာက အခုပြောနေတဲ့ PPPပေါ့ခင်ဗျာ။ Public Private partnership ဆိုတာ နိုင်ငံတော် က မနိုင်တဲ့ဝန်တွေကို Private ကုမ္ပဏီတွေက ကူညီဖယ်ရှားဖို့ အနေအထားပေါ့ဗျာ။ ဒါကိုလည်း လက်ရှိအနေအထား ကျင့်သုံးနေတဲ့ ကုမ္ပဏီတွေက မက်ကိုခေါ်တဲ့ ဆရာကြီး ဦးချစ်ခိုင်ဦးစီးတဲ့ ကုမ္ပဏီကနေပြီးတော့ လယ်သမားတွေကို ဒီစက်ကိရိယာတွေကို ငှားရမ်းတယ်။ နောက်ပြီးတော့ ဦးကြည်စိန်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ရန်ကုန်တိုင်းအနံှ့မှာပဲ ငှားရမ်းတယ်။ သူတို့နှစ်ယောက် ငှားရမ်းရုံနဲ့ တစ်တိုင်းပြည်လုံးမှာ မလုံလောက်နိုင်ဘူး။ ဒါကိုကျွန်တော် စက်မှုလယ်ယာ DG နဲ့ ညှိနှိုင်းတဲ့အခါမှာ သူ့ရဲ့အဖြေကတော့ သူလည်း ဒီကိစ္စကို သဘောပေါက်တယ်။ အဲ့တော့ ပူးပေါင်းဆောင်ရွက်မှုကို အခုတည်းက သူစည်းရုံးဆောင်ရွက်မယ်။ ဆောင်ရွက်တဲ့အခါမှာ သူ့ရဲ့ ထွန်စက်စခန်းတွေကို Private Sector မှာ ငှားပြီးတော့ ကန်ထရိုက် service ကို ပေးဖို့တောင်မှ သူ Offer လုပ်မယ်လို့ပြောတယ်။ ဒါဆိုရင်တော့ အရင်ထက်စာရင် နည်းနည်းလေး အသက်ရှူရှောင်မယ်။ ဒါပေမယ့်ဗျာ။ ကျွန်တော်ပြောရရင်တော့ ဒီစက်မှုလယ်ယာကဏ္ဍနဲ့ သွားတဲ့အခါမှာ ကျွန်တော်တို့က တစ်ဦးချင်းရဲ့ လိုအပ်ချက်ထက် ဝန်ကြီးဌာန ရည်ရွယ်ထားတဲ့ လယ်သမား Community နဲ့ ဆိုရင် ဒီCommunity သည် သူ့ရဲ့ ကြီးပွားတိုးတက်လာတာနဲ့အမျှ ဒီစက်ယန္တယားတွေကို တပ်ဆင်လာရမယ်။ အဲ့တော့ ဒီ စက်ယန္တယားတွေရဲ့ ကဏ္ဍကလည်း အရေးပါလာမယ်။ အဲ့မှာမှ လိုအပ်တဲ့ စက်မှုကဏ္ဍတွေကိုလည်း ကျွန်တော်တို့က ဖန်တီးပေးမယ်။ အရေးကြီးတာကတော့ ကျွန်တော်တို့ရဲ့ စိုးပျိုးမွေးမြူရေးကဏ္ဍတွေ တိုးတက်ကြီးထွားလာမယ်ဆိုရင်လည်း အောင်မြင်လာနိုင်တဲ့ အကြောင်းအရင်းတွေ ရှိလာနိုင်တယ်လို့ ပြောချင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required