ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မဟာဗျူဟာ ပြင်ဆင်သင့်ဟု ဝန်ကြီးအကြံပြု

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မဟာဗျူဟာ ပြင်ဆင်သင့်ဟု ဝန်ကြီးအကြံပြု

ပုသိမ်၊ မေ ၂၈ ။                 ။ မြန်မာ့ဆန် အရည်အသွေးတက်ရန် နှင့် နိုင်ငံတကာဈေးကွက်ဝေစု ရရှိနိုင်ရန် မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ မဟာဗျူဟာ အမှားများကို ပြန်လည်ပြင်ဆင်သင့်ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရာဝန်ကြီး ဦးဘဟိန်းက ပြောသည်။

"မြန်မာ့လယ်သမားအများစုက ပါးပါးလေးရင်းပြီးတော့ နည်းနည်းလေးထုတ်ရတဲ့စနစ်ပေါ့၊ ဒီမဟာဗျူဟာ ကျင့်သုံးသမျှ ကာလပတ်လုံး၊ ထွက်လာသမျှ ထွက်ကုန်က ဘာဖြစ်လဲဆိုတော့ အရည်အသွေးအရလည်း ကျဆင်းတာပေါ့၊ ထုတ်လုပ်မှုစွမ်းအားအရလည်းကျဆင်းတာပေါ့" ဟု ဝန်ကြီး ဦးဘဟိန်းက ပြောသည်။

၎င်းက မေ ၂၇ရက်က ပုသိမ်ဟိုတယ်တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ဦးဆောင်ပြုလုပ်သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်း တိုးမြှင့်ရန်အတွက် ပထမအဆင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် လာမည့် စပါးစိုက်ရာသီများ၌ မျိုးကောင်းမျိုးသန့်သုံးစွဲလာနိုင်ရန် ယခုနှစ်ကို အခြေခံအဖြစ်သတ်မှတ်မည်ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းအောင်ကျော်က အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး အစိုးရ၏ လုပ်ဆောင်မှုများကို ရှင်းပြခဲ့သည်။

"မျိုးကောင်းမျိုးသန့်တစ်ခုတည်းကနေ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့်ရရှိ လာတဲ့အကျိုးအမြတ်က သီအိုရီအရရော တကယ့်ကွင်းထဲမှာ လက်တွေ့အရရော၊ ၁၅ရာခိုင်နှုန်းကနေ ၂၀ရာခိုင် နှုန်း၊ တစ်ခြားသွင်းအားစုတွေ ပြုပြင်ပြောင်းလဲခြင်းမရှိသေးဘဲနဲ့တောင် အကျိုးရလာဒ်ရရှိနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဌာနရဲ့ဒီနှစ် ဦးတည်ချက်ကတော့ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးကိုပဲဦးတည် ဇောင်းပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ဧက ၂၆၀၀မှ ထွက်ရှိလာသော မျိုးတင်းပေါင်းနှစ်သိန်းကျော်အား စပါးနောက်တစ်ရာသီတွင် မျိုးကောင်း မျိုးသန့်များအဖြစ် တောင်သူများလက်သို့ ဖြန့်ဝေရာတွင် စီမံခန့်ခွဲရန်အတွက် ပုဂ္ဂလိကပိုင်းမှ အကူအညီ များပေးနိုင်ရန်လည်း စိုက်ပျိုးရေးဦးစီးဌာနက ကမ်းလှမ်းခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်ကလည်း "တောင်သူလယ်သမားတွေလည်း အခက်အခဲရှိတဲ့နေရာဖြစ်တော့၊ ရေကြီးတာ၊   ရေနစ်မြှုပ်တာ၊   နောက်တစ်ခုချေးငွေကိစ္စတွေ၊ အကြွေးသံသရာတွေရှိတဲ့အခါကျတော့ နံပါတ်တစ်အစ်ကိုတို့က ပထမဆုံးလုပ်ဖို့က မြို့နယ်အသီးသီးမှာ မျိုးသန့်ထုတ်ဖို့၊ မျိုးကောင်းမျိုးသန့်တွေထုတ်ဖို့စပြီးတော့   ဆောင်ရွက်မယ်" ဟု အသင်းချုပ်က လုပ်ဆောင်ပေးမည့် အခြေအနေကို ရှင်းပြသည်။

ယင်းအပြင် နည်းပညာဖြန့်ဖြူးမှု နှင့် ချေးငွေကိစ္စကို နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်သင်းကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

လက်ရှိတွင် အစိုးရမှ လယ်သမားများကို တစ်ဧက တစ်သိန်းခွဲနှုန်းဖြင့် ငွေချေးပေးနေသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မျိုးကောင်းမျိုးသန့်ထုတ်ရေး၊ မျိုးစေ့ပြန်လည်ရောင်းချနိုင်မည့် ဈေးကွက်တစ်ခု ပေါ်ပေါက်ရေး၊ ဆန်စပါးစိုက်ပျိုးမှုနှင့် ဆက်စပ်သည့် ကျေးရွာ၊ မြို့နယ်များတွင် သိုလှော်ရုံများ တိုးပွားလာရေးများကို လုပ်ဆောင်သွားရန် ရှိနေပြီး သိုလှောင်ရုံတိုးပွားလာပါက အခြောက်ခံစက်များ ရင်းနှီးမြှုပ်နှံပေးရန် လိုအပ်ကြောင်းလည်း အကြံပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required