ကချင်ပါတီ သုံးခု ပေါင်းကာ ပါတီတစ်ခုအဖြစ်ပြန်ဖွဲ့ရန် သဘောတူ

ကချင်ပါတီ သုံးခု ပေါင်းကာ ပါတီတစ်ခုအဖြစ်ပြန်ဖွဲ့ရန် သဘောတူ

ချင်းမိုင်၊ မေ ၂၈ ။           ။ ကချင်ပြည်နယ်ရှိ ကချင်ပါတီ ၃ ခု ပေါင်းစည်း၍ ပါတီတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းရန် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ(KSDP) ဒုတိယ အကြိမ်မြောက် ဗဟိုကော်မတီ ညီလာခံတွင် သဘောတူ ဆုံးဖြတ်လိုက်သည်။

KSDP ပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ရက်ပါတီ(KNCD)နှင့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP)တို့ ပူးပေါင်း၍ တစ်ပါတီထဲဖြစ်ရေးကို ပြီးခဲ့သည့် ဧပြီလက မူအားဖြင့် သဘောတူခဲ့ရာမှ ပါတီ၏ ညီလာခံကို မြစ်ကြီးနားမြို့ရှိ ပါတီရုံးချုပ်တွင် မေလ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ကျင်းပ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“၂၀၁၅ ရွေးကောက်ပွဲဟာ အားနည်းချက် တစ်ချို့ရှိသော်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးသော သမိုင်းမှတ်တိုင် တစ်ရပ် ဖြစ်တယ်လို့ အမြင်တွေ ဆွေးနွေးတယ်။ ကချင်တိုင်းရင်းသားများ တပါတီ ပူးပေါင်းဖွဲ့စည်းသွားဖို့ ဆိုတဲ့ဟာကို ကျနော်တို့ ညီလာခံကနေ သဘောတူ ဆုံးဖြတ်တယ်”ဟု KSDP ပါတီ၏ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပါတီများ ကွဲပြားခဲ့သဖြင့် မဲအောင်နိုင်ရေးတွင် ဆုံးရှုံးမှုများရှိခဲ့သလို၊ ကချင်ပါတီများ ပူးပေါင်းရန်အတွက် ပြည်သူလူထုကလည်း တိုက်တွန်းမှုများရှိခဲ့သဖြင့် ကချင်ပါတီ ၃ ခု ပူးပေါင်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာ မနမ်တူးဂျာက မကြာသေးမီက မဇ္ဈိမကို ပြောဆိုခဲ့သည်။

နှစ်ရက်သာ ဆွေးနွေးမှုတွင် အစိုးရသစ်မှ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအပေါ် ကြိုဆိုကြောင်း သို့သော် ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် မရပ်သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်ရန် စီစဉ်ဆောင်ရွက်ရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများလည်း ပါဝင်နိုင်ရေး ကြိုးစားလုပ်ဆောင်ရန် လိုအပ်ကြောင်း သဘောချမှတ်ခဲ့သည်ဟု သူက ပြောသည်။

ထို့ပြင် ကချင်ပြည်နယ် အတိုင်းအတာအနေဖြင့် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် သဘောထားများ ရယူနိုင်ရန်အတွက် (Seminar) နှီးနှောလှယ်ပွဲတစ်ခု ကျင်းပနိုင်ရန် လိုအပ်ကြောင်း သဘောထားချမှတ်ခဲ့သည်ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ် နိုင်ငံတော်တည်ဆောက်ရာတွင် လက်တွေ့ လုပ်ဆောင်ရာတွင် အစိုးရသော်လည်းကောင်း၊ တပ်မတော်သသော်လည်းကောင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူလူထုသဘောားများကို အလေးထားရန် ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု ဒေါက်တာ တူးဂျာက ပြောသည်။

“ကျနော်တို့ နိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အဓိက လိုအပ်နေတာက ဖက်ဒရယ်ကျင့်သုံးနိုင်ဖို့ ဖြစ်တယ်။ ဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ ဖြစ်တယ်။ အဲဒါကို လက်တွေ့ လုပ်ဆောင်တဲ့နေရာမှာဆိုရင် ပြည်သူလူထုရဲ့ အသံ၊ ပြည်သူလူထုရဲ့ သဘောထားကို အလေးထားရမှာ ဖြစ်တယ်”ဟု သူက ပြောသည်။

ညီလာခံသို့ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ စုစုပေါင်း ၁၂၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်က KSDP ပါတီ၊ KNCDပါတီနှင့်KDPပါတီများ ပါတီတစ်ခုတည်း ပူးပေါင်းရန် မူအားဖြင့် သဘော တူညီခဲ့ပြီးနောက် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီသည် မေလ ၂၄ ရက်နှင့် ၂၅ ရက်တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ရှိ သဘာဝ သယံဇာတ အရင်းအမြစ်များဆိုင်ရာ မူဝါဒ ၇ ရပ်ကို ချမှတ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားပါတီ ၅ ခုရှိပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒူးလေးပါတီ(LNDP)နှင့် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(LNUDP) တို့ကိုလည်း ပူးပေါင်းလာစေရန် ဆွေးနွေးမှုများ ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required