မဆလခေတ်က သိမ်းထားသောလယ်မြေ ပြန်လည်ရရှိရန် ဝန်ကြီးချုပ်ထံ တောင်းဆိုမည်

မဆလခေတ်က သိမ်းထားသောလယ်မြေ ပြန်လည်ရရှိရန် ဝန်ကြီးချုပ်ထံ တောင်းဆိုမည်

မုံရွာ၊ မေ ၂၈ ။              ။ မဆလခေတ်က သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေများ ပြန်လည်ရရှိရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တိုင်ကြားတောင်းဆိုသွားမည်ဟု မုံရွာခရိုင်၊   ချောင်းဦးမြို့နယ်မှ လယ်သိမ်းဆည်းခံတောင်သူများက ပြောသည်။

၁၉၇၅ ခုနှစ်တွင် ဧက ၃၅၅၀ ရှိ ပေါက်အင်းစိုက်ကွင်းကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ သိမ်းဆည်းခဲ့ပြီး ၁၉၉၃  ခုနှစ်တွင် ဧက ၁၀၀၀ အားပြန်လည်ပေးအပ်ခဲ့သော်လည်း ပြန်ပေးသည့် မြေများကို မူလပိုင်ရှင် လယ်သမားများက မရရှိခဲ့ဟု သိရသည်။

သိမ်းဆည်းခံခဲ့ရသော အမှတ်(၄) ပေါက်အင်းစိုက်ကွင်းသည် မကျီးခွ၊ မကျီးဘုတ်၊ ရွှေလှေ၊ တောကျောင်းကြီး၊ သုံးပန်လှ၊ စသည့်ကျေးရွာတို့ ပါဝင်ခဲ့ပြီး တောင်သူ ၂၀၀ ကျော်က မူလပိုင်ဆိုင်ထားကြောင်း သိရသည်။

ထို့ပြင် ၁၉၉၂ ဝန်းကျင်ခန့်က ဆင်ဖြူ ရှင်တံတားဆောက်လုပ်ရန်အတွက်ဟု ဆိုကာ လယ်ယာမြေဧက ၂၀၀ ကျော် သိမ်းဆည်းခံခဲ့ရပြီး တံတားဆောက်လုပ်ပြီးချိန်တွင် ပိုလျှံမြေတစ်ချို့အား   ပြန်လည်ပေးအပ်ခဲ့သော်လည်း အစိုးရနှင့် နီးစပ်သူများသာ ရရှိခဲ့သည်ဟုလည်း တောင်သူများက ပြောသည်။

"လယ်သိမ်းခံရတာတွေကို အရင်အစိုးရလက်ထပ်ကတည်းက အကြိမ်ကြိမ် ပြန်လည်တောင်းဆိုခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး၊ ဒါ့ကြောင့်မို့ အခုထပ်မံတောင်းဆိုပါ့မယ်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ
တင်ပြတောင်းဆိုသွားမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကလည်း လယ်သိမ်းခံရတာတွေကို အမြန်ဆုံးဖြေရှင်းပေးသွားမယ်လို့ ယူဆမိပါတယ်၊" သိမ်းဆည်းခံလယ်မြေများ   ပြန်လည်ရရှိရေးကူညီပေးနေသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ဆွေက ပြောသည်။

ချောင်းဦးမြို့နယ် အမှတ်(၄)ပေါက်အင်းစိုးက်ကွင်းမြေများ ပြန်လည်ရရှိရေးအတွက် ၂၀၁၄ ခုနှစ်အတွင်းက ဆန္ဒပြတောင်းဆိုမှုများလည်း လယ်သိမ်းခံတောင်သူများက ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required