မန်ယူအသင်းအောင်မြင်မှုရဖို့ အရာရာပေးဆပ်သွားမည်ဟု မော်ရင်ဟို ပြော

မန်ယူအသင်းအောင်မြင်မှုရဖို့ အရာရာပေးဆပ်သွားမည်ဟု မော်ရင်ဟို ပြော

မေ ၂၈၊ မန်ချက်စတာ ။             ။ မန်ယူအသင်း၏ နည်းပြသစ်မော်ရင်ဟိုက အားလုံးလိုချင်နေသည့် အောင်မြင်မှုများ ရရှိရန်အတွက် အရာရာပေးဆပ်သွားမည် ဖြစ်ကြောင်း အသင်းပိုင်တီဗီလိုင်းနှင့် ပထမဆုံး အင်တာဗျူးအစီအစဉ်တွင် ပြောဆိုလိုက်သည်။

ထို့အပြင်မော်ရင်ဟိုက ပြီးခဲ့သည့် သုံးရာသီကို မေ့ပစ်လိုက်ဖို့ တိုက်တွန်းခဲ့ပြီး ယခုအချိန်တွင် သမိုင်းကြောင်းကြီးကျယ်ခမ်းနားသည့် အသင်းကြီးမှာ ၎င်း၏လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း   ပြောသည်။

မန်ယူအသင်းသည် နည်းပြကြီး ဖာဂူဆန်ထွက်ခွာသွားသည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အခြေအနေဆိုးရွားခဲ့ရပြီး နည်းပြဗန်ဟားလ်လက်ထက်တွင် အက်ဖ်အေဖလား တစ်လုံးသာ ရယူနိုင်ခဲ့သည်။

မော်ရင်ဟိုက 'မန်ယူနည်းပြရာထူးကို ရယူခဲ့တာ မှန်ကန်တဲ့ အချိန်ပါပဲ။ ပြီးခဲ့တဲ့ ရာသီသုံးခုက ကြီးကျယ်ခမ်းနားတဲ့ မန်ယူအသင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သုံးနှစ်ကို မေ့ပစ်လိုက်ပါ။ အခု ကျွန်တော့်လက်ထဲကို ခမ်းနားကြီးကျယ်တဲ့ အသင်းကြီး ရောက်ရှိနေပါပြီ။

ကျွန်တော် ချန်ပီယံဆုတွေ ရလိုပါတယ်။ ကစားသမားတွေအနေနဲ့ ဒါကို နားထောင်ဖို့ လိုအပ်ပါတယ်။ အခု ကျွန်တော်အနေနဲ့ သမိုင်းကြောင်းခမ်းနားတဲ့ အသင်းအကြောင်းကို အာရုံစိုက်လိုပါတယ်။ ကျွန်တော်တို့အားလုံး အလိုရှိနေတဲ့ အောင်မြင်မှုတွေ ရရှိဖို့ အရာရာပေးဆပ်သွားမှာပါ' ဟု  ပြောသည်။

ထို့အပြင် မော်ရင်ဟိုက ၎င်းနှင့်ကစားသမားများကြားမှ ဆက်ဆံရေးသည် အရေးကြီးကြောင်းနှင့် အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ ပြိုင်ဘက်နည်းပြအဖြစ် လာရောက်ခဲ့ရခြင်းများသည်   ပြဿနာမရှိကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly