စာချုပ်သက်တမ်းတိုးရန် ဘက်စ်ကွက်စ်နှင့် ဘာစီလိုနာတို့ သဘောတူညီမှု ရရှိ

စာချုပ်သက်တမ်းတိုးရန် ဘက်စ်ကွက်စ်နှင့် ဘာစီလိုနာတို့ သဘောတူညီမှု ရရှိ

မေ ၂၈၊ စပိန် ။         ။ ဘာစီလိုနာအသင်းသည် အသင်း၏ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ဆာဂျီယိုဘက်စ်ကွက်စ်ကို ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဘက်စ်ကွက်စ်ကို ၂၀၂၁ ခုနှစ်အထိ အသင်းမှာ ဆက်လက်ကစားရန် သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် မကြာမီရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။ ဘက်စ်ကွက်စ်ကို အခြားအသင်းများက ခေါ်ယူလိုပါက လျော်ကြေးငွေ ယူရိုသန်း ၂၀၀ ပေးချေရမည်ဆိုသည့်အချက်ကို စာချုပ်သစ်တွင် ထည့်သွင်းချုပ်ဆိုမည် ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဘက်စ်ကွက်စ်သည် ဘာစီလိုနာအကယ်ဒမီမှ ပေါ်ထွက်လာသူဖြစ်ပြီး ပထမအသင်းကြီးတွင် ကစားခဲ့သည့် ရှစ်နှစ်တာကာလအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့သူ ဖြစ်သည်။ ဘက်စ်ကွက်စ်သည် ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလား သုံးကြိမ်နှင့် ကိုပါဒယ်ရေးဖလား လေးကြိမ် ရရှိခဲ့သည်။

ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်း၏ အသင်းသားတစ်ဦးဖြစ်သော ဘက်စ်ကွက်စ်သည် ယခုအချိန်တွင် ယူရိုပြိုင်ပွဲဝင်ရန် စပိန်အသင်းနှင့်အတူ ပူးပေါင်းလေ့ကျင့်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly