ညောင်တုန်း သဇင်ရေကျော် တောင်သူ ၂၀၀ကျော် ငါးကန်တူးခြင်းရပ်ပေးရန် ဆန္ဒပြ

ညောင်တုန်း သဇင်ရေကျော် တောင်သူ ၂၀၀ကျော် ငါးကန်တူးခြင်းရပ်ပေးရန် ဆန္ဒပြ

ပုသိမ်၊ မေ ၂၇ ။  ။ ညောင်တုန်းမြို့၊ သဇင်ရေကျော်ကျေးရွာ မှ တောင်သူလယ်သမား အင်အား၂၀၀ကျော်မှာ သဇင်ကျေးရွာအနီးရှိ ငါးကန်တူးနေခြင်းကို ချက်ချင်းရပ်ဆိုင်းပေးရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆန္ဒဖော်ထုတ်တောင်းဆိုပွဲကို မေလ၂၇ရက်နေ့တွင် ပုသိမ်မြို့တွင် ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ ဒေသခံပြည်သူတွေမှာ လယ်မဲ့ယာမဲ့လည်းဖြစ်တယ်။ လုပ်ကိုင်စားသောက်ဖို့နေရာလည်းမရှိဘူး၊ကုမ္ပဏီတွေက မလုပ်နိုင်လို့ပြန်အပ်ထားတဲ့ အင်းတွေကို ကျွန်တော်တို့က လယ်မြေယာမြေအဖြစ်လျှောက်တယ်။ ကျွန်တော်တို့ တယောက် နှစ်ဧကပဲရတယ်။ အစိုးရကို ဆင်းရဲနွမ်းပါးတဲ့လူတွေကို တန်းတူညီမျှပေးစေချင်ပါတယ်"ဟု သဇင်ကျေးရွာနေ ဦးဟင်သန်းက ဆန္ဒဖော်ထုတ်ရမှုအား မဇ္ဈိမသို့ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် သဇင်ရေကျော် ကျေးရွာအနီးရှိ အင်းချောင်းများအား ဒေသခံရေလုပ်သားများ လွတ်လပ်စွာ ရှာဖွေစားသောက်ခွင့်ရရှိရေး၊ သဇင်ကျေးရွာအနီးရှိ ငါးကန်တူနေခြင်းကို ချက်ချင်းရပ်ဆိုင်းပေးစေရေး၊ ဆန္ဒဖော်ထုတ်တောင်းဆိုချက်များကို အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးရေး တို့အရေး စသည့်ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းပုဒ်များဖြင့် တောင်းဆိုခဲ့သည်။

"ကျွန်တော်တို့က အစိုးရကို သိအောင်ထုတ်ဖော်ပြရတာ၊ ကျွန်တော်တို့ တွေ့ဆုံညှိနှိုင်းတာ မြို့နယ်၊ ခရိုင်၊ တိုင်းမှာလည်း လယ်ဆည်ဝန်ကြီးနဲ့တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ လုပ်ပေးမယ်လိုပြောပြီး ယနေ့အထိမလုပ်ပေးလို့ ဆန္ဒဖော်ထုတ်ရတာပါ။ ဆန္ဒဖော်ထုတ်တာ ငွေကုန်တယ်။ လူပင်ပန်းတယ်။ မလုပ်ပေးလွန်အားကြီးလို့ တွေ့ဆုံညှိနှိုင်းရေးကို သူတို့ဘက်က လျစ်လျရှုလို့လုပ်ရတာပါ" ဟု လယ်သမားအရေးလိုက်ပါဆောင်ရွက်ပေးသူ ပုသိမ်မြို့မှ နေဦးမြင့်နိုင်က မီဒီယာများကို ပြောသည်။

၂၀၁၄ခုနှစ်တွင် သဇင်ကျေးရွာမှ လယ်သမား၁၂၉ဦးမှ လယ်ယာလုပ်ပိုင်ခွင့်လျှောက်ထားသော်လည်းမရရှိဘဲ၊လယ်သမား၆၆ဦးအား တယောက်လယ်မြေ နှစ်ဧကစီ လက်ရှိအစိုးရက လုပ်ခွင့်ပေးပြီး၊ လုပ်ငန်းရှင်၅ဦးအား ဧက၄၀၀ကျော်ကို ယခင်အစိုးရက ချပေးခဲ့ချထားပေးကြောင်း ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required