အသားအရောင်ခွဲခြားထားသည်ဟု ဆိုကာ တရုတ် ဆပ်ပြာမှုန့် ကြော်ငြာတစ်ခု ဝေဖန်ခံနေရ

အသားအရောင်ခွဲခြားထားသည်ဟု ဆိုကာ တရုတ် ဆပ်ပြာမှုန့် ကြော်ငြာတစ်ခု ဝေဖန်ခံနေရ

မေ ၂၇ ။              ။ တရုတ်နိုင်ငံတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သော ဆပ်ပြာမှုန့်ကြော်ငြာတစ်ခုက လူဖြူ လူမည်း ခွဲခြားဆက်ဆံထားသကဲ့သို့ ဖြစ်ခဲ့သဖြင့် ကြည့်ရှုသူများ အမျက်ထွက်ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းကြော်ငြာတွင် လူမည်းအမျိုးသားတစ်ဦးကို အဝတ်လျှော်စက်ထဲ ထည့်ကာ ဆပ်ပြာမှုန့်ဖြင့် ထည့်လျှော်လိုက်ပြီးနောက်ပိုင်း အသားအရည်ဖြူဝင်းသော အာရှအမျိုးသားတစ်ဦးအဖြစ် ပြန်ထွက် လာပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။

"Qiaobi" အမှတ်တံဆိပ် တရုတ် ဆပ်ပြာမှုန့် ကြော်ငြာတွင် ကနဦးပိုင်းမှာ လူမည်းအမျိုးသားတစ်ဦးက တရုတ်အမျိုးသမီးငယ်ကို လေချွန်ပြီး မျက်စိမှိတ်ပြလိုက်ရာ အမျိုးသမီးက ၎င်းအား လှမ်းခေါ်ကာ ဆပ်ပြာမှုန့်ထုတ်ကို ကိုက်ခိုင်းပြီး အဝတ်လျှော်စက်တွင်းသို့ အတင်းတွန်းထည့်လိုက်ပုံကို ရိုက်ကူးပြသထားသည်။

ယင်းနောက် အဝတ်လျှော်စက်တွင်း၌ အမျိုးသားက အော်ဟစ်နေစဉ် ၎င်းအမျိုးသမီးက အဖုံးပေါ်တွင် ထိုင်နေခဲ့သည်ကို ပြသထားသည်။ မိနစ်အနည်းငယ်အကြာတွင်မူ အဝတ်လျှော်စက်တွင်းမှ လူမည်းအမျိုးသားမဟုတ်တော့ဘဲ အသားအရောင်ဖြူဝင်းသော အာရှအမျိုးသားတစ်ဦး ဖြူဖွေးသောအဝတ်အစားများနှင့်အတူ ထွက်လာပြီး မိန်းမငယ်နှင့် ရီမော ပျော်ရွှင်သွားပုံကို ဖော်ပြထားသည်။

အဆိုပါ ကြော်ငြာ ထွက်ရှိလာချိန်တွင်မူ အမေရိကန် သတင်းဝက်ဆိုဒ်များတွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားမှုများ ရှိလာခဲ့ပြီး ယင်းကြော်ငြာ၏ ဆိုလိုချက်တွင် လူမည်းများကို တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်များ ရှိနေသည်ဟု ပြောဆိုခဲ့ကြသည်။

" ဒီ ကြော်ငြာက လူမျိုးရေးခွဲခြားထားသလိုပါပဲ၊ ဒါဟာ တရုတ်နိုင်ငံမှာ အသားအရောင်ခွဲခြားမှု ပြဿနာက ဆိုးဆိုးရွားရွားရှိနေတယ်ဆိုတာကို ပြသလိုက်သလိုပါပဲ" ဟု Vox.com တွင် ဖော်ပြထားသည်။
တစ်ဆက်တည်းတွင် ယင်းဆပ်ပြာမှုန့်ကြော်ငြာမှာ တရုတ်ပြည်တွင်း၌လည်း စိတ်ဝင်စားမှု နည်းပါးခဲ့ပြီး ဆွဲဆောင်နိုင်မှု မရှိခဲ့ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required