အလှမွေးငါး မွေးရင် စိတ်ဖိစီးမှုလျော့စေတယ် စိတ်ပျော်ရွှင်စေတယ် မွေးကြမလား

27 May 2016
အလှမွေးငါး မွေးရင် စိတ်ဖိစီးမှုလျော့စေတယ် စိတ်ပျော်ရွှင်စေတယ် မွေးကြမလား

ကမ္ဘာ့အလှမွေးငါးများ၊ ငါးစာများ၊ ငါးအတွက်ဆေးဝါးများ၊ ငါးကန်သုံးပစ္စည်းများအပါအဝင် အလှမွေးငါး စီးပွားရေးလုပ်ငန်းတစ်ခုလုံးဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်နဲ့ လည်ပတ်နေတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ အလှမွေးငါးအတွက် လည်ပတ်နေတဲ့ ငွေးကြေး ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းကတော့ အာရှနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်။ အရှေ့တောင် အာရှ ဒေသမှာဆိုရင်တော့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလပိုင်နဲ့ ထိုင်းနိုင်ငံတို့ဟာ အလှမွေးငါး မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။

ငါးများကို အိမ်ရဲ့အလှအပ အဆင်တန်ဆာအဖြစ် စတင်မွေးမြူခဲ့တဲ့သူတွေကတော့ တရုတ်လူမျိုးတွေပဲဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ် က စပြီးတော့ ဥရောပနဲ့ အမေရိကမှာ စတင်စိတ်ဝင်စားလာခဲ့တာပါ။ စတင်မွေးမြူတဲ့ငါးတွေကတော့ တောင်အမေရိကတိုက်၊ အမေဇုံမြစ်ဝှမ်းမှာရှိတဲ့ ခရာဇင်းအမျိုးအနွယ် ငါးလေးတွေဖြစ်ပြီးတော့ အရှေ့တောင်အာရှမှာဆိုရင်တော့ ထိုင်းတိုက်ငါး၊ ပါရာတိုက်ငါးများပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းကိုရောက်ရှိနေတဲ့အချိန်မှာတော့ အလှမွေးငါးလုပ်ငန်းဟာ အမှောင်ကျခဲ့ရပါတယ်။ စစ်ကြီးအပြီးမှာတော့ ငါးအလှမွေးမြူရေးလုပ်ငန်းဟာ တစ်ဟုန်တိုးတက်ခဲ့ပါတယ်။

အလှမွေးငါး မွေးမြူခြင်းကိုတော့ ရှေးခေတ်အီဂျစ်နိုင်ငံသားတို့က ရှေးအကျဆုံးမွေးမြူသူများအဖြစ် ခေါ်စမတ်ပြုကြ ပါတယ်။ သူတို့ရဲ့အုတ်ဂူသြင်္ဂိုင်းတွေမှာ တွေ့ရှိရတဲ့ ပန်းတော့ပညာနဲ့ မွမ်းမံထားတဲ့ ငါးပုံများကို ကြည့်ခြင်းအားဖြင့် ငါးကို အမြတ်တနိုးတန်ဖိုးထားဟန် ရှိကြပါတယ်။ ရောမနိုင်ငံသားတို့ဟာလည်း ရေချိုငါးကို စားသုံးရန်အတွက် ဒါမှမဟုတ်ရင် ရေငန်ငါးများကို အလှအပထားရန် အတွက် မွေးမြူခဲ့တဲ့ အထောက်အထားများကို အေဒီ ၁၉ ရာစုနှစ်ခန့်က တွေ့ရှိခဲ့ရပါတယ်။ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာ တော့ အလှမွေးငါးမွေးမြူခြင်းကို အေဒီ ၉၇၀ လောက်က စတင်ခဲ့တယ်လို့ သိရပါတယ်။ ၁၇ ရာစုမှာတော့ ဥရောပနိုင်ငံများကို စတင်ရောက်ရှိခဲ့ပြီးတော့ အမေရိကန်ပြည်ထောင်စုကတော့  ရွှေငါးများကို စတင်မွေးမြူခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ရဲ့ တရိစ္ဆာန်ဥယျာဉ်ကြီးထဲမှာတော့ ၁၈၅၃ ခုနှစ်မှာ စတင်ပြီး ပြည်သူလူထုအတွက် ငါးပြတိုက်ဆောက်ပြီး ငါးများကို မွေးမြူပြသခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက စင်္ကာပူနိုင်ငံကတော့ ကမ္ဘာ့အလှမွေးငါး စီးပွားရေးလုပ်ငန်းမှာ ထိပ်ဆုံးနေရာက ရပ်တည်နေတာပဲဖြစ်ပါတယ်။ ကမ္ဘာ့အလှမွေး ငါးပြပွဲ ပြိုင်ပွဲ ငါး၊ ငါးစာ၊ ဆေး၊ ငါးကန်သုံးပစ္စည်းများ ပြပွဲကိုတော့ စင်္ကာပူနိုင်ငံမှာ ၁၉၈၉ ခုနှစ်မှာ စပြီးတော့ ၂ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ငါးအလှမွေး လုပ်ငန်းဟာ တစ်ရိပ်ရိပ် တိုးတက်နေတဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခုလည်းဖြစ်ပါတယ်။ ဒစ်စကပ်ငါးလေးတွေကို စိတ်ဝင်တစားနဲ့ မွေးမြူလာသူ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံက ဦးမြတ်ဦးက သူ့ရဲ့အမြင် သူ့ရဲ့ခံစားချက်တွေကို အခုလို ပြောပြပါတယ်။

“၁၆ နှစ်၊ ၁၇ နှစ် ပတ်ဝန်းကျင်လောက်ကပေါ့၊ ကျွန်တော်တို့ ဗမာပြည်မှာ ဒစ်စကပ်ငါးလေးတွေဟာ စပြီးတော့ ရောက်လာတယ်လို့ ပြောရမှာပါခင်ဗျာ။ ရောက်လာတဲ့ အချိန်မှာ ကျွန်တော်လည်း ထူးထူးခြားခြား၊ ဆန်းဆန်းပြားပြား၊ လှလှပပ၊ ငါးဝိုင်းဝိုင်းလေးတွေ တွေ့တဲ့အခါမှာ တော်တော်လေး သဘောကျပြီးတော့ မွေးမြူချင်တဲ့ စိတ်ကလေးတွေဖြစ်လာတော့ ကျွန်တော်တို့ ရောင်းတဲ့ဆိုင်မှာ လိုက်ရှာပြီးတော့ ယူရပါတယ်ခင်ဗျ။ ရှာတယ်ဆိုတဲ့ နေရာမှာလည်း တော်တော်လေး ကို ခက်ခက်ခဲခဲ ရှာရပါတယ်ခင်ဗျ။ နေရာတိုင်း ဆိုင်တိုင်းမှာ မရှိခဲ့ပါဘူး။

နောက်ဆုံးတော့ ရှာတွေ့သွားတယ်ပေ့ါလေ။ ရှာတွေ့သွားတဲ့အချိန်ကစပြီးတော့ ဒီဒစ်စကပ် ငါးလေးကို ကျွန်တော် စွဲစွဲလန်းလန်းနဲ့ မြတ်မြတ်နိုးနိုးမွေးမြူခဲ့ဖြစ်တာပါခင်ဗျာ။ လွန်ခဲတဲ့နှစ်ပေါင်းများစွာကတော့ ဒီငါးမွေးမြူဖို့ဆိုတာ တော်တော်လေးကို ခဲခဲရင်းရင်းဖြစ်ခဲ့ပါတယ်ခင်ဗျာ။ မွေးမြူရေးနည်းစနစ်လည်း မသိ ငါးရဲ့အကြောင်းကိုလည်း ဘာမှတိတိကျကျမသိ အခုခေတ်လို အင်တာနက်ကြည့်ပြီး တော့ သင်ယူလို့ရတဲ့အခြေအနေမျိုးလည်း မဟုတ်ခဲ့တဲ့အခါကျတော့ တော်တော်ကို ခဲခဲရင်းရင်း အဆုံးအရှုံးများစွာနဲ့ မွေးခဲ့ရပါတယ်ခင်ဗျာ။
ဒီဒစ်စကပ်ငါးရဲ့ သဘာဝကတော့ မသိတဲ့လူတွေ အတွက်ကဆိုရင် အတော်လေးခဲခဲရင်းရင်းလို့ ထင်ကြတယ်ပေ့ါလေ။

အမှန်တော့မဟုတ်ပါဘူးခင်ဗျာ။ မွေးမြူရေနည်းစနစ်ကို သေသေချာချာသိသွားလို့ရှိရင် ဒီဟာ မွေးမြူရတာ အင်မတန်လွယ်ကူပါတယ် ခင်ဗျာ။ ကျွန်တော်တို့အရင်တုန်းက လွန်ခဲ့တဲ့နှစ်ပေါင်း ဆယ်စုနှစ်ကျော်က မသိခဲ့တဲ့လူတွေတောင် ရအောင်မွေးလာခဲ့တာ ဒီခေတ်မှာတော့ဟို နည်းပညာတွေ နိုင်ငံခြားက ရခဲ့တဲ့နည်းပညာတွေ အင်တာနက်ကနေ ဖတ်လို့ရတဲ့စာတွေအရပေ့ါ နောက်ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့နဲ့လာပြီးဆက်သွယ်လို့ရှိရင် အကုန်လုံးဘယ်လိုမွေးရလဲ နည်းစနစ်ကအစ အကုန်လုံး ကျွန်တော်တို့ မျှဝေပေးပါတယ်ခင်ဗျ။

ဈေးကွက် အနေနဲ့က တစ်နေ့တစ်ခြားမြင့်မားလာတယ်လို့ပဲ ပြောရမယ်ခင်ဗျ။ ဝယ်ယူရတဲ့ ငါးမျိုးလည်း မျိုးစုံအောင် မြန်မာပြည်မှာ ဝယ်ယူလို့ရနေပါပြီ။ နောက်တစ်ခုက ဈေးနှုန်းအားဖြင့်လည်း နိုင်ငံခြားနဲ့ ယှဉ်လာလို့ရှိရင် တစ်ကယ့်မျိုးအကောင်းစားကြီးကိုတောင် နိုင်ငံခြားမှာလောက် ဈေးမပေးရပဲနဲ့ မြန်မာပြည်မှာ ဝယ်နိုင်အောင် ကျွန်တော်တို့တွေက ကြိုးစားပြီးတော့ ဖြန့်ချိပေးနေပါတယ်ခင်ဗျ။ ကျွန်တော်တို့တွေက အခုလောလောဆယ်မှာပေ့ါ နိုင်ငံခြားကနေပြီးတော့ မျိုးကောင်းတဲ့ငါးတွေ သယ်ယူလာတယ် ဒီမှာဖောက်ကြတယ်ပေ့ါ။ ဖောက်လု့ိ ဒီ Local ဈေးကွက်မှာတင် ကျွန်တော်တို့ ရောင်းလို့ မကုန်ပါဘူးခင်ဗျ။ နောက်တစ်ခုက နိုင်ငံခြားမှာလည်း ငါးဖောက်သည်ဆိုတာ နေရာတိုင်းမှာ လူတိုင်း မပေါက်သလိုပဲ သူတို့စီမှာလည်း ဈေးကြီးပါတယ်။ အဲဒီတော့ ကျွန်တော်တို့က မြန်မာပြည်မှာ နိုင်ငံခြားမျိုးကိုဝယ်တယ်၊ ပြန်ဖောက်တယ် ပြီးလို့ရှိရင် နိုင်ငံခြားကို ကျွန်တော်ကပြန်ပို့ဖို့ လုပ်ကိုင်နေ ကြပါတယ်ခင်ဗျ။

အခက်အခဲတစ်ခုရှိနေတာက ကျွန်တော်တို့ကို နောက်ကပံ့ပိုးပေးမယ့် အဖွဲ့အစည်းလို ဟာမျိုးတစ်ခုလောက် ရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဒါ့ထက်ပိုပြီးတွင်တွင်ကျယ်ကျယ်  လုပ်ကိုင်နိုင်ပါမှာခင်ဗျ။ ဖြစ်နိုင်ရင်တော့ နိုင်ငံတော်အနေနဲ့ပေ့ါလေး ပံ့ပိုးပေးတဲ့ ဟာလေးတစ်ခုလောက်ကို ကျွန်တော်တို့က လိုချင်ပါတယ်ခင်ဗျ။ အဲဒါမျိုးလေးသာ ရမယ်ဆိုရင် ကျွန်တော်တို့က နိုင်ငံခြားဈေးကွက်ကို လူအများနည်းတူပဲ ထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီငါးတွေကို ဟိုမှာဖောက်ထားပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဒီငါးကို ဖောက်ထားတာပဲ။ သူတို့ဖောက်တဲ့ငါးတွေက ဈေးပိုရပြီး၊ ကျွန်တော်တို့ဖောက်တဲ့ငါးတွေကျတော့ ဈေးနည်းတယ်ခင်ဗျ။ နိုင်ငံခြားကို ပြန်ပို့ရတဲ့အခါမှာ အဲဒီမှာကျွန်တော်တို့က တော်တော်လေးကို ခံပြင်းမိတယ်ပေ့ါလေ။ ဘာဖြစ်လို့ ငါတို့ဖောက်တဲ့ငါးက သူတို့ဖောက်တဲ့ငါးနဲ့ အတူတူပဲကို ဒီအရည်အသွေးတစ်ခုထဲမှာပဲ ဘာဖြစ်လို့ဈေးနည်းရတယ်ပေါ့လေး။

အမှန်တော့ ကျွန်တော်တို့က ဈေးကွက်မရှာတတ်သေးတဲ့ ဟာလေးတွေပေ့ါလေ။ ဈေးကွက်ရှာတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် နိုင်ငံခြားကိုသွားပြီးတော့ ထိုးဖောက်ပြီးဝင်ရောက်ပြီးတော့ ရှာဖို့အတွက်ကို နောက်ကအဖွဲ့အစည်းတစ်ခုခုအနေနဲ့ ရှာဖွေပေး  တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ပိုပြီးတော့ ဒါထက်ပိုပြီးတော့ လုပ်ကိုင်နိုင်မယ်ဖြစ်ပါတယ်ခင်ဗျ။ လူတော်တော်များများပေ့ါလေး မမွေးဖူးတဲ့ လူငယ်လေးတွေက တော်တော်များများဖြစ်ကြပါတယ်။ သူတို့ တွေက ဒစ်စကပ်မွေးရတာကို ခတ်တယ်ခတ်တယ် အမြဲတမ်းပြောကြပါတယ်။ ကျွန်တော်တို့ပြောချင် တာကတော့ မခက်ပါဘူးခင်ဗျ။ နည်းစနစ်ကျကျနဲ့ ပုံမှန်နေ့စဉ် ရေလဲပေးနိုင်တယ်၊ အစာကိုပုံမှန် ကြွေးပေးနိုင်တယ်၊ အပူချိန်တူနဲ့ရေနဲ့ သူတို့ကိုထားပေးနိုင်တယ်၊ မပူလွန်း မအေးလွန်းတဲ့ရေများ ထားပေးနိုင်တယ် ဆိုလို့ရှိရင် မွေးမြူရတာ အင်မတန်လွယ်ကူပါတယ်ခင်ဗျ။”

ခေတ်မှီတိုးတက်နေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ နိုင်ငံတော်တော်များများကတော့ အလှမွေးငါး မွေးမြူခြင်း ဝါဿနာဟာ လူတိုင်းလိုလိုဘဝမှာ စိတ်ဝင်စားဖွယ်ကဏ္ဍတစ်ခု ဖြစ်လာနေပါပြီ။  ငါးမွေးမြူခြင်းကို ဝါဿနာပါရင်းကနေ အွန်လိုင်းကနေတစ်ဆင့် ငါးများကို လေလံတင်ရောင်းချနေသူတစ်ဦးဖြစ်တဲ့ ကိုချမ်းမြေ့အောင်ကလည်း အလှမွေးငါးနဲ့ ပတ်သက်ပြီးတော့ အခုလိုပြောပြပါတယ်။
“ကျွန်တော်ငါးစမွေးဖြစ်တာကတော့ ငယ်ငယ်လေးကတည်းက မွေးတာပေ့ါနော်။ ဒါပေမဲ့ ကြီးလာတော့ မအားတာနဲ့ မမွေးဖြစ်တော့ဘူး။ ပြန်မွေးဖြစ်တာကတော့ ကျွန်တော်လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် က ပြန်မွေးဖြစ်တယ်။ ပြန်မွေးဖြစ်တဲ့အချိန်မှာတော့ ငါးတွေက တော်တော်ပြောင်းလဲနေပြီး၊ ငယ်ငယ် တုန်းက သိခဲ့တဲ့အမျိုးအစားတွေ မဟုတ်တော့ဘူး။ အခုဆိုလို့ရှိရင် နိုင်ငံခြားက ဝင်တဲ့ငါးမျိုးတွေက လည်း အများကြီးပါတယ်လေ။ အများကြီးပါတယ်ဆိုတော့ ခေတ်ပေါ်ရေစီးကြောင်းလေးတွေနဲ့ မှီပြီး တော့ ငါးလေးတွေကို ကျွန်တော်ပြန်ကြည့် ပြန်ကြည့်ရင်းနဲ့မွေး၊ မွေးတာကနေ တစ်ကန်၊ တစ်ကန် ကနေ နှစ်ကန်၊ နှစ်ကန်ကနေများလာတယ်။ များလာရင်းနဲ့ စီးပွားရေးလေး နည်းနည်းလုပ်ဖြစ်သွားတာ ပေ့ါ။ လက်ရှိအခြေအနေကတော့ ကျွန်တော်အရောင်းအဝယ်ကို အွန်လိုင်းကပဲလုပ်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ပတ်ဝန်းကျင်မှာလည်း အရမ်းကြီး လူအများကြီးနဲ့လဲ ဆက်ဆံစရာမလိုဘူး။ အွန်လိုင်းမှာ တင်ပဲ အွန်လိုင်းမှာ သူ့ရဲ့ Group လေးတွေရှိတယ်။ သူ့ရဲ့ Name လေးတွေရှိတယ်။ အဲဒီ Group ထဲမှာ ကျွန်တော်တင်တယ်။ ကျွန်တော်မူရင်းနဲ့ပဲ တင်တယ်။ ချမ်းမြေ့အောင်နဲ့ပဲတင်တယ်။ အဲဒါသူတို့ အွန်လိုင်းမှာ ဈေးစကားပြောကြတယ်။ လိုအပ်လို့ရှိရင် ဖုန်းဆက်ကြတယ်။

ပြီးတော့ သူတို့အရမ်း သဘောကျပြီဆိုလို့ရှိရင် အိမ်တိုင်ရာရောက်လာကြည့်ခိုင်းတယ်။ ကျွန်တော်က လာကြည့်ပြီး ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် ကိုယ်တိုင်မွေးမဲ့သူလေ။ ကိုယ်တိုင်မွေးမဲ့သူဖြစ်တဲ့အတွက် အိမ်တိုင်ရာရောက်လာကြည့်လို့ သူတို့သဘောကျမှသာလျှင် ဝယ်ပေါ့။ ကျွန်တော်ကန်တော်ကြီး အင်းလျှားဘက်မှာပေါ့နော် သောကြာဈေးဆိုတာရှိတယ်။ အဲဒီသောကြာဈေးတွေမှာကြတော့ ငါးကို တစ်ကောင်ချင်းစီထက် သူက အုပ်နဲ့ရောင်းတယ် အများစုပေ့ါနော်။ ဈေးကတော့ တန်ပါတယ်။ ဟိုသင့်တဲ့ဈေးပေ့ါ။ ဈေးတော်တော်ချိုတယ်။ လာတဲ့လူတွေကိုလဲ ဆွဲဆောင်မှုလည်းရှိတယ်။ အပတ်တိုင်း သောကြာနေ့တိုင်းရှိတယ်အတွက်ကြောင့် ငါးနဲ့ပတ်သက်တဲ့ ညီအစ်ကိုမောင်နှမ အများစု လာကြတယ်။ ပြင်ပမှာ ငါးကို လေ့လာနေသူတွေ ဝယ်လိုသူတွေလည်း လာကြတယ်။ အဲလိုမျိုးသောကြာဈေးမှာ သူတို့ရောင်းတဲ့ပုံစံတွေကြတော့ သူ့ရဲ့ ပုံစံတစ်မျိုးပေါ့ဗျား။ သူ့စတိုင်လေးနဲ့ သူ ဆိုင်မှာကကျတော့ display လုပ်ကြတာပေ့ါ။ ခင်းကျင်းရတယ်အကိုရဲ့။ ခင်းကျင်းတဲ့အခါကျတော့ သူတို့ငါးတစ်မျိုးစီ သူတို့လိုအပ်တဲ့ အမျိုးအစားပေါင်း အများကြီးကို သူကပြနိုင်တယ်။ အများကြီးကို တစ်စုတစ်စည်းတည်း အဲဒီဆိုင်မှာဝယ်နိုင်တယ်။ အမျိုးစုံပေါ့။ ငါးမျိုးစုံကို ဝယ်နိုင်တယ် ဒါပေမဲ့ သူကျတော့ ငါးအလှပေါ်မူတည်ပြီး သူ့ရဲ့သင့်တင့်တဲ့ဈေးတော့ရှိတာပေ့ါ။ သင့်တင့်တဲ့ဈေးလေးတွေ ရှိတယ်။ သူလည်းကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့ငါလေးကိုပဲ လက်ညှိးထိုးပြီး သူ့မှာကြတော့ ဝယ်လို့ရတယ်လေ။

အွန်လိုင်း shopping မှာပေ့ါနော်။ ကျွန်တော်တို့ Group လေးတွေရှိတယ်။ ဥပမာအားဖြင့် အလှမွေးငါးချစ်သူတို့ ပြီးလို့ရှိရင် အလှမွေးငါး လေလံတင်ရောင်း ဝယ်ရေးတို့ အဲလိုပေ့ါ ငါးတွေအတွက်အများကြီးပဲ အဲလိုတွေမှာ ကျွန်တော်တို့ လိုက်လံရှာပြီးတော့ ဝယ်နိုင်တယ်။ အဲမှာကျတော့ ကျွန်တော်ဓာတ်ပုံတွေကို သူတို့စီမှာရှိတဲ့ သူတို့ရောင်းလိုတဲ့အကောင်လေးကို ဓာတ်ပုံအကုန်လုံး တင်ထားပေးတယ်။ တင်ထားပေးပြီးတော့ သူတို့စီလည်း သင့်တင့်တဲ့ဈေး ပဲ တော်တော်သင့်ပါတယ်။ သင့်တင့်နဲ့ဈေးနဲ့ သူတို့တွေရောင်းချပေးတယ်။ နောက်တစ်ခုကကြတော့ ကျွန်တော်တို့အခက်အခဲကကျတော့ အွန်လိုင်းထဲမှာ ကျွန်တော်တို့ လေလံအဖွဲ့တို့ ဘာတို့ရှိတာပေ့ါ ဗျား။ အဲလိုအဖွဲ့များဆိုလို့ရှိရင်တော့ လေလံပေးလေ့ရှိတယ်။ အဲဒီလေလံကို လာဆွဲကြတယ်ပေ့ါ။ လာဆွဲပြီးတော့ ဘယ်လိုပြောလဲဆိုတော့ သူတို့ယူရမဲ့ ရက်ကျတော့ သူတို့လာမယူတော့ဘူး။ လေလံဆွဲတော့ ဝင်ဆွဲတယ်။ သူများထက်နိုင်အောင် ဝင်ဆွဲပြီးတော့ ငါးလာယူရမဲ့အချိန်ကျတော့ လာမယူကြတော့ဘူး။ အဲလိုမျိုးဖြစ်တာလေးတွေတော့ တွေ့ရတယ် ပေ့ါဗျာ။ အဲလိုတွေ့ရတဲ့အခါကျတော့ တစ်ခါတစ်လေကျရင်တော့ စိတ်မကောင်းဘူးပေ့ါ။ ဖြစ်တဲ့လူက လည်း သူ့မှာလည်း ဒီငါးလေးကို သူလေလံပေးတဲ့အတွက်ကြောင့် သူမှာလည်း အကြောင်းအမျိုးမျိုး ရောင်းချင်တဲ့ ဆန္ဒရှိမယ်။ ငွေလိုလို့သော်လည်းကောင်း၊ ဒါမှမဟုတ် တစ်ခုခုပေ့ါနော် သူရဲ့ဆန္ဒတစ်ခုခုရှိမယ်။ တစ်ဖက်သားကလည်း လေလံ ဆွဲပြီးလို့ရှိရင်တော့ လာရွေးချင်တယ်ပေ့ါ အဲဒီပြဿနာကတော့ အများဆုံးကြုံရတယ်ဗျ။ အများဆုံးအွန်လိုင်းမှာ သူတို့ post တွေနဲ့တက်လာ တာ တွေ့ရတယ်ပေ့ါ။ အဲလိုပြဿနာလေးတွေတော့ ရှိတယ်”

ငါးမွေးခြင်းဝါဿနာရှင် များလာသလိုပဲ ငါးအသစ်အဆန်းများကလည်း များပြားလာခဲ့ပါတယ်။ ကမ္ဘာ့အလှမွေးငါး စီးပွားရေးလောကကို တွန်းအားပေးခဲ့တဲ့ အချက်တစ်ချက်ကတော့ ငါးမွေးမြူခြင်း ဝါဿနာသည် လူ၏စိတ်ကို အေးအေးချမ်းချမ်း အပြည့်အဝအမှတ်ရစေနိုင်သည်ဟု ယူဆတဲ့အချက် တစ်ချက်ပဲဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်က ဆာဗေးနီးယားတက္ကသိုလ်မှာ သတ္တလောကနဲ့ ပတ်ဝန်းကျင်တို့ ၏ ဆက်နွယ်မှုဆိုင်ရာကို လေ့လာနေတဲ့ ဂေဟပညာရှင်တစ်ဦးက အလှငါးမွေးခြင်းဖြင့် နှလုံးခုန်နှေးခြင်း၊ သွေးတိုးကျခြင်းအပြင်၊ သောကဖိစီးမှုဒဏ်ကိုပါ လျှော့နည်းစေကြောင်း လက်တွေ့စမ်းသပ်၍ သက်သေပြခဲ့ပါတယ်။ ဒါအပြင် ငါများကို မွေးမြူခြင်းဖြင့် ငါးများရဲ့ စရိုက်လက္ခဏာ အပြုအမူ သားပေါက်မျိုးပွားသည်ဖြစ်စေ၊ ဦးနှောက်အကောင်ဖြစ်လာပုံအဆင့်ဆင့် စတဲ့ငါးမျိုးစိတ်တစ်ခုခြင်းစီရဲ့ ဇီဝဗေဒ သဘောတရားများကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
ကန်တော်ကြီး သောကြာဈေးမှာ အလှမွေးငါးများကို ရောင်းချနေသူ ကိုမင်းသက်ထွန်းကလည်း အလှမွေး ငါးနဲ့ပတ်သက်လို့ အခုလိုပြောလာပါတယ်။
“ရောင်းချတဲ့အပိုင်းမှာကတော့ ဒီကျွန်တော်တို့ သောကြာနေ့ တစ်ရက်ပေါ့။ ရောင်းရပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက စာရင်တော့အများကြီး တိုးတက်တယ်လို့ပြောရမှာပေ့ါနော်။ အရင်တုန်းက ငါးတစ်သောင်းလောက်ကို တစ်ထောင်ပေ့ါ သဘောတစ်ခု ရောင်းဖို့က မလွယ်ဘူး အခုကတော့ နည်းနည်းတော့ ပွင့်လင်းမြင်သာတယ်ပေ့ါ အဲဒီသဘောတရားတော့ရှိတယ်။

မြင့်မားတဲ့ ဈေးကွက်ဖြစ်လာဖို့ဆိုတာကတော့ ကျွန်တော်တို့ အလှမွေးငါး အဖွဲ့ချုပ် အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်မှပဲရမှာပေ့ါ။ တစ်ယောက်တည်းအပိုင်းတွေကတော့ အဆင်မပြေနိုင်ဘူး။ အဲဒီတော့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေါ့နော်။ နေရာက ကန်တော်ကြီးပေါ့ စားသောက်ဆိုင်ရဲ့နောက်မှာ ပေ့ါ။ ဆိုင်ခန်းတော့မရှိဘူးပေါ့။ အဆင်ပြေသလိုလေးလုပ်ပြီးတော့ ရောင်းနေကြပါတယ်။ ငါးသမားတွေပေ့ါ အကုန်လုံးပေါ့။ ဒီမှာတော်တော်များများတက်ရောင်းပါတယ်။ လက်ကားဈေးပါ။ လက်လီဈေးမဟုတ်ပါဘူး။ ဆိုင်သမားတွေအများစုလာပြီး ဝယ်တဲ့နေရာပါ။ လိုချင်တယ်ဆိုလို့ရှိရင် ဒီကိုဆက်သွယ်ပြီး ဝယ်လို့ရပါတယ်”

ကန်တော်ကြီး သောကြာဈေးမှာ အလှမွေးငါးများကို လာရောက်ဝယ်ယူသူတစ်ဦးဖြစ်တဲ့ ကိုဖိုးညီကလည်း ငါးနဲ့ပတ်သက်လို့ ဝယ်ယူဖြစ်ပုံကို အခုလိုပြောပါတယ်။
“ငါးလာဝယ်ဖြစ်တာတော့ သိပ်တော့မရောက်ဖြစ်ဘူးဗျ။ ဒါပေမဲ့ မကြာခဏတော့ ရောက်ဖြစ်ပါတယ်။ ဒီဘက်က နည်းနည်းဝေးတယ်ဆိုတော့လေး ငါးလာဝယ်တာကတော့ မွေးဖို့ပဲ လာဝယ်တာပါ။ ဒီမှာ ငါးဈေးရှိနေ တာလဲကြာပြီး၊ ကျွန်တော်ကလည်း နဂိုကငါးမွေးတယ်။ ပြီးတော့ ငါးမွေးတဲ့အသိုင်းအဝိုင်း နဲ့လဲသိနေတယ်ဆိုတော့ မရောက်ဖြစ်တာလဲ တော်တော်ကြာပါပြီး ဒီဘက်ကို အစတုန်းကတော့ အတွင်းဘက်မှာဖွင့်တယ်ဗျ။ အတွင်းဘက်က ပိတ်လိုက်လို့ ဒီနားကိုပေ့ါ ဖွင့်တာ။ အခြားခြားသော နေရာတွေမှာရှိနိုင်ရင် အကောင်းဆုံးပေ့ါ။ အဓိကက ဘယ်လိုဖြစ်တယ်ဆိုတော့ ဒီနားကို လာရောင်းရတဲ့ လူတွေကလည်း လှိုင်သာယာတို့ဘက်က ငါးခြံတွေကနေ လာလာရောင်းရတာဆို တော့ တစ်အားဝေးနေတာမျိုးလည်း ရှိတယ်။ ဆိုတော့ သူတို့နဲ့ နီးစပ်တဲ့နေရာတွေမှာပါ အဲလိုမျိုး ဒီလိုဈေးလေးတွေပွင့်လာရင်တော့ တော်တော်ကောင်းမယ်ခင်ဗျ။ အခုငါးအမျိုးတွေကလည်း အသစ်တွေရှိတယ်။ ပြီးကတော့ မြန်မာနိုင်ငံမှာကလည်း အလှမွေးငါးဆိုရင် မွေးလိုက်တာပဲ သိတယ်ပေ့ါနော်။

တကယ့်အရည်အသွေးတွေဘာတွေ နောက်ပိုင်းကျတော့ လူတွေကပိုသိလာကြ တယ်။ ပိုပြီးတော့ တွင်ကျယ်လာကြတယ်ပေ့ါ။ အဲဒီတော့ ကောင်းပါတယ်။ ငါးမွေးတာကတော့ ဘာပဲ ပြောပြော စိတ်ဖိစီးမှုတွေဘာတွေ ကျတာပေ့ါနော်။ အဓိကက ဟို သူများအသက်ဆိုတော့ အပျော်မွေးမယ်ဆိုပြီး လေ့လာပြီးတော့မှ သေသေချာချာ ပြုစုစောင့်ရှောက်ပြီး မွေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပေါ့”
ငါးများမှာ ကပ်ပါးကြောင်း ရောဂါပိုးကျရောက်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်သော် လည်းကောင်း၊ ဗိုင်းရပ်စ်ကြောင့်သော်လည်းကောင်း၊ ရောဂါဖြစ်တတ်ပါတယ်။ ငါးအမျိုးအစား များလာလေလေ ငါးကန်အရွယ်အစားမှာလည်း ကြီးလာလေလေဖြစ်ပါတယ်။ ကန်အရေအတွက်က လည်း များပြားလာလေလေဖြစ်ပါတယ်။ ရေငန်ငါးအလှမွေးသူတစ်ဦးဖြစ်တဲ့ ကိုသန့်ဇော်အောင်က ရေငန်ငါးအလှမွေးဖြစ်တဲ့ အကြောင်းကို အခုလိုပြောပြပါတယ်။

“ရေငန်ငါးအလှမွေးကတည်းက အရင်က ကျွန်တော်လူတိုင်းအိမ်မှာ ဒီရေငန်ငါးမွေးတာ အဲဒါလေးကို သဘောကျလို့ ရေငန်ငါးကို ကိုယ်လည်းမွေးမယ်ဆိုပြီးတော့ မွေးဖြစ်သွားတာပါ။ ရေချိုနှင့် ရေငန် ကတော့ ကွာခြားတာတော့ တော်တော်ကြီးကို ကွာခြားတယ်။ ရေငန်ကကျတော့သူက အရမ်းဂရုစိုက် ရတယ်။ ရေချိုနဲ့ လုံးဝမတူဘူး။ သူက အားဆေးတွေဘာတွေလည်း အကုန်ကျွေးပေးရတယ်။ ရေငန်ကတော့ ကျွန်တော်တို့က ထားရတာတော့ ပုံမှန်ထားမယ်ဆိုရင်တော့ 0.204 ထားတယ် ပုံမှန် ကတော့ တစ်ပါတ်ကိုတော့ ကျွန်တော်တို့ အနည်းဆုံး တစ်ကြိမ်တော့ လဲပေးရတယ်။ 30% လောက်တော့ လဲပေးတာပေ့ါ။ ဒီတစ်ပါတ်ကို အားဆေးကတော့ နှစ်ကြိမ်သုံးကြိမ်လောက်တော့ အနည်းဆုံး ကျွေးပေးရတယ်။ အဲဒါမှ သူတို့က ရှင်ဖို့က နည်းနည်းများတာပေ့ါ ဒီအတိုင်းထားရင်တော့ မရဘူး။ ဒီအပင်လေးတွေက အကုန်လုံးသေမယ်။ ဟုတ်ကဲ့ ရေငန်ငါးမှာ ဖြစ်တတ်တဲ့ရောဂါကတော့ ဘာဖြစ်လဲဆိုရင် ဝိုက်ဘောစ်ပေ့ါများ ငါးဆယ်ကောင်လောက်ယူလာရင် ခုနှစ်ကောင်၊ ရှစ်ကောင် လောက်ကတော့ ဝိုက်ဘောစ်တော့ ဖြစ်တတ်တယ်။

အဲဒါကို မဖြစ်ခင်ကျွန်တော်တို့က ငါးကို ရောက်လာပြီဆိုတာနဲ့ ဒီကန်ထဲကို ကျွန်တော်တို့က တန်းပြီးတော့ ထည့်လို့မရဘူး။ ထည့်တာနဲ့ ရေက စိမ်းနေကော ချက်ခြင်းကို ဝိုက်ဘောစ် တန်းပေါက်တယ်။ အဲလိုတန်းပေါက်ရင် နှစ်ရက်သုံးရက် လောက်ဆိုရင် ငါးကသေတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ရောက်လာပြီဆိုတာနဲ့ ရေတွေ၊ အပူချိန်တွေ ငါးကိုအရင်ဆုံး ညှိတယ်။ ညှိပြီးဆယ်မိနစ် ဆယ်ငါးမိနစ်လောက် အနည်းဆုံးညှိပေးပြီးမှ ငါးကိုကန်ထဲထည့်တယ်။ ဒီရေငန်ငါးက မွေးရတာ လူတစ်ဘက်သားလာကြည့်ရင်တောင်မှ ဒီမြင်ကွင်း လေးဟာ တော်တော်လေးကို မြင်ရဖို့ခဲတယ်ဗျ။ ကျွန်တော်တို့လည်း အမှန်ပြောရရင် ကျွန်တော်တို့က discovery တစ်ခုကနေတွေ့မြင်ရင်တော့ ဒီသန္တာကျောက်တန်းလေးတွေကို တွေ့လိုက်လို့ အော် စိတ်ကြည်နူးစရာကောင်းပါလားဆိုပြီး ကျွန်တော်တို့က အဲဒါလေး သဘောကျပြီးတော့ ဒီအကြောင်းကို လေ့လာ လော့လာပြီးတော့ ဒီလိုကန်လေးကို မွေးဖြစ်သွားတာ၊ ကြည့်ရတာလဲ စိတ်ချမ်းသာမှုကောင်း ပါတယ်။

ကျွန်တော်တကယ်ပြောရရင်တော့ တော်တော်လေးလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီဥစ္စာက ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ တီဗီရုပ်ရှင်ထဲမှာပဲ မြင်ခဲ့ဘူးပါတယ်။ ဒါဆိုတာ ပင်လယ်ရေအောက် ကျမ်းပြင်ကနေပြီး မြင်တွေဖို့လဲ မလွယ်ဘူး။ အဲဒါလေးတွေပေါ့ အခု ကိုယ်တိုင် မြင်တွေ့ရတယ်ဆိုတော့ နေ့တိုင်းမြင်တွေ့နေရတော့ စိတ်လည်းအမောပြေတယ်”
ငါးများရဲ့အင်္ဂါရပ်များကို လေ့လာကြည့်တဲ့အခါမှာ လူတို့ရဲ့အချို့သော အစိတ်အပိုင်းများနဲ့ နှိုင်ယှဉ်လေ့လာနိုင်ပါတယ်။ ငါးနှင့်လူ သတ္တဝါနှစ်မျိုးလုံးမှာ ကြွက်သားများကို ပံပိုးနေတဲ့ အရိုးများ ပါရှိပါတယ်။ ငါးနှင့်လူတို့မှာ အခြာခန္ဒာကိုယ်များသို့ သွေးလှည့်ပတ်ရန်အတွက် အလုပ်လုပ်ပေးနေတဲ့ နှလုံးများပါရှိပါတယ်။ လူတို့ခံစားနိုင်တဲ့ အာရုံငါးပါးကိုလည်း ငါးတို့က ခံစားနိုင်ပါတယ်။ အချို့အာရုံ များကတော့ လူတို့ထက်ပင် ငါးတို့က သိစပ်ကြပါတယ်။ ငါးနှင့်လူ အဓိက ကွာဟချက်ကတော့ ရွေ့လျှားပုံနှင့် စနစ်တစ်ကျလှုပ်ရှားနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ငါးတို့ဟာ အဓိကအားဖြင့် လှုပ်ရှားသွား လာနိုင်ရန်အတွက် အဓိက အင်္ဂါရပ်မှာ အမှီးပဲဖြစ်ပါတယ်။ ဆူးတောင်များကတော့ ငါးများကို တပ်မတ်တည်ငြိမ်စွာ ကူးခတ်နိုင်ရန် အထောက်အပံပေးတဲ့ဟာ ဖြစ်ပါတယ်။

ငါးမှာ ပါရှိတဲ့ နှာခေါင်းများကတော့ အန့ံ့ခံရန်အသုံးပြုပြီး အသက်ရှူရန်လည်း အသုံးပြုလေ့မရှိပါဘူး။ ငါးရဲ့ အရေခွံများဟာ များသောအားဖြင့် အကြေးခွံများနဲ့ ဖုံးအုပ်ထားပြီး အကြီးခွံမှာလည်း နူးညံ့တဲ့ တစ်ရှူးတွေ ကပ်ပါးပိုးတွေ မကပ်ညှိရန်နဲ့ နေလောင်ဒဏ်ကိုကာကွယ်ရန်အတွက် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ငါးများရဲ့ ပါးစပ်ပုံသဏ္ဍာန်နဲ့ တည်နေပုံကတော့ ငါးအစာစားပုံနဲ့ ရေထဲမှာ မည်သည့်အမြင့်မှာ နေထိုင် သည်ကို ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ ငါးရဲ့ပါးစပ်များကတော့ ရေမျက်နှာပြင်ကို ဦးတည်နေတဲ့ အထက်လှန်ပါးစပ်၊ ရေအောက်ဘက်ကို ဦးတည်နေတဲ့ လောက်လက်ပါးစပ်၊ ငါးများရဲ့ နှုတ်သီးနဲ့ တည့်တည့်ရှိနေတဲ့ ပါးစပ်ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ ငါးရဲ့အကြေးခွန်များကတော့ အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အစွန်းများမှာ လွှသွားကဲ့သို့ အထစ်ကလေးများပါတဲ့ အကြေးခွန်မျိုးကို တွီနိုက် အကြေးခွန်လို့ခေါ်ပြီး နောက်အဖျားစွန်းမှာ ညီညာချောမွေ့နေတဲ့ အကြေးခွန်ကိုတော့ ဆိုဒ်ကလပ်အကြေးခွန်လို့ခေါ်ပါတယ်။

ငါးရဲ့ မျက်လုံးကတော့ ဦးခေါင်းရဲ့ တစ်ဘက်တစ်ချပ်စီမှာ ရှိပါတယ်။ မျက်လုံးအစုံလိုက် ရှေ့သို့တက်မတ်စွာ မကြည့်ရှုနိုင်ပါဘူး။ ဒါကြောင့် အကွာအဝေးခန့်မှန်း ရာမှာ တိကျခြင်းမရှိပါဘူး။ အရောင်အသွေးကို မှတ်သားရမှာတော့ ကောင်းစွာမှတ်သားနိုင်ပါတယ်။ အမှီးရဲ့ပုံသဏ္ဍာန်ပေါ်ကို မူတည်ပြီးတော့ ငါးများကူးသန်းခြင်းပုံကလည်း ကွာခြားပါတယ်။ ခရင်းခွအမှီးပါရှိ ငါးများကတော့ ရေထဲမှာ လျှင်မြန်စွာ ကူးခတ်နိုင်ပါတယ်။ ငါးများရဲ့ အများစုဟာ ရေယက်ခုနှစ်ခုရှိပါတယ်။ တစ်ခုခြင်းစီ သီးသီးရှိနေတဲ့ ရေယက်သုံးခုနဲ့ အစုံလိုက် ရေယက်နှစ်ခုရှိပါတယ်။ ကျောရိုးဆူးထောင်ရေယက်၊ ရင်ရေယက်၊ တင်ရေယက်၊ စအိုရေယက်နဲ့ အမှီးရေယက်တို့ပဲ ဖြစ်ပါတယ်။

မြန်မာ့အလှမွေးငါးကို မွေးမြူသူတစ်ဦးဖြစ်တဲ့ ကိုကျော်သက်ဇော်ကလည်း မြန်မာ့အလှမွေးငါးနဲ့ ပတ်သက်လို့ အခုလိုပြောပြပါတယ်။
“ငါးမွေးဖြစ်တဲ့အကြောင်းကတော့ ကျောင်းတက်တုန်းကပေါ့။ လေး ငါး ခြောက်တန်း အရွယ်လောက် ကတည်းကပေ့ါ။ ကျွန်တော်တို့ ကျောင်းမှာ ငါးတွေလိုက်ရောင်းရင်းနဲ့ လမ်းဘေးကနေ ဝယ်ပြီးတော့ ဝါဿနာက အခုလိုဖြစ်သွားတာပေ့ါ။ မြန်မာငါးတွေကတော့ ကျွန်တော်တို့က မြန်မာဆိုတော့ မြန်မာမျိုးရင်းကို ကျွန်တော်နည်းနည်းသဘောကျတဲ့အတွက် မွေးထားတဲ့ သဘောပါ။ ဒါလောလော ဆယ် လက်ရှိမြန်မာငါးပါ။

မြန်မာငါးနှင့် နိုင်ငံခြားငါးဘာကွာသလဲဆိုတော့ အလှကတော့ သူ့အလှတစ်မျိုးဆီပေ့ါ။ ဒီကျွန်တော်တို့ မြန်မာကကျတော့ ဒီဘဟက်တွေ ရေယက်တွေမှာ နိုင်ငံခြား ငါးတွေက ကနှုတ်အကွက်တွေမပါဘူး။ ဒီကောင်တွေက အဲဒီအကွက်တွေပါတယ်။ အဲဒါလေးတစ်ခုပါပဲ။ ကျန်တာကတော့ အတူတူပါပဲ။ ဈေးကွက်ထဲမှာတော့ သူ့ဈေးကွက်နဲ့သူရှိပါတယ်။ မြန်မာငါးနဲ့ နိုင်ငံခြားငါး ဈေးနှုန်းကတော့ အတူတူလောက်ပါပဲ။ မြန်မာငါးကို ပြန်ပြီးတော့ ပို့ဖို့ဆိုတာလည်း ဖြစ်နိုင်ပါတယ် ကျွန်တော်တို့ သေသေချာချာ အားကောင်းကောင်းနဲ့ ဖောက်နိုင်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ မြန်မာငါးကို ဒီလက်ရှိအလှမွေးငါး ဝါဿနာရှိတွေထဲမှာ မွေးတဲ့လူတွေကလည်း များပါတယ်။ ဒါပေမဲ့ တစ်ချို့ကျတော့ မသိလို့မမွေးရဘူး ပေ့ါ အဲဒါလေးတစ်ခုပါပဲ။ အဆက်အသွယ်ရှိပြီးသိသွားရင်တော့ မွေးကြမှာပါ အကုန်လုံး။ ကျွန်တော်တို့ မြန်မာမျိုးရင်းတွေလည်း သူ့ဟာသူ လှပါတယ်။ အကုန်လုံးစိတ်ပါရင် မွေးကြည့်ကြပါ။ အလှမွေးငါး မွေးရတာ စိတ်ကြည်နူးမှုရပါတယ်။ တော်တော်ပျော်ဖို့ကောင်းပါတယ်။ သူတို့ ရေကူးနေတာကို ကြည့်ပြီး တကယ်ပျော်ရတဲ့အပျော်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး”

မြန်မာနိုင်ငံရဲ့ ရာသီဥတုအနေအထားကတော့ မိုးများ၊ သစ်တောများ၊ အပူပိုင်းဒေသ၊ အအေးပိုင်း ဒေသ အဲသလိုရှိတဲ့အတွက်ကြောင့်မို့လို့  အလှမွေးငါးမျိုးစုံကို စုဆောင်းနိုင်တဲ့အနေအထားတစ်ခုလည်း ဖြစ်ပါတယ်။ မြစ်ချောင်းအင်းအိုင်များမှ ကမ္ဘာ့အကြိုက်အလှမွေးငါးများကို စုဆောင်းပြီး ကမ္ဘာ့ဈေးကွက် အတွင်းသို့ တင်ပို့ရောင်းချနိုင်တဲ့ အခွင့်ရေးတွေများစွာရှိပါတယ်။ ဒါအပြင်မြန်မာနိုင်ငံရဲ့ ရေပိုက်နက် အတွင်းမှာရှိတဲ့ သန္တာကျောက်တန်းမှ ငါးများဟာလည်း အလှမွေးငါးများအဖြစ် နိုင်ငံတစ်ကာလို့ တင်ပို့ ရောင်းချနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required