ဆိုနီ Xperia Z5 ၂၀၁၅ နှစ်ကုန်တွင် ထုတ်လုပ်မည်ဟု သတင်းများထွက်ပေါ်

ဆိုနီ Xperia Z5 ၂၀၁၅ နှစ်ကုန်တွင် ထုတ်လုပ်မည်ဟု သတင်းများထွက်ပေါ်

နာမည်ကျော်နည်းပညာကုမ္ပဏီ ဆိုနီက Xperia Z5 ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း ထုတ်လုပ်မည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ဆိုနီအနေဖြင့် Xperia Z5 ကို ဂျပန်နိုင်ငံတွင် စတင်ပြသသွားလိမ့်မည်ဟု လည်း စမတ်ဖုန်းနှင့် ပတ်သက်သည့် အချက်အလက်များဖော်ပြပေးနေသည့် GSMARENA ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

ဆိုနီက Xperia Z5 တွင် ကင်မရာအရည်အသွေး 21MP ထည့်သွင်းတပ်ဆင်ထားမည်ဖြစ်ပြီး အရည်အသွေးမြင့် 4500mAh ဘက်ထရီကို တပ်ဆင်ထားမည်ဟု သတင်းများကဆိုသည်။

4K အရည်အသွေးရှိ ဗီဒီယိုများရိုက်ကူးနိုင်မည်ဖြစ်သည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။

ဆိုနီအနေဖြင့် Xperia Z5 အပြင် Z5  Compact နှင့် Z5 Ultra တို့ကိုလည်း မိတ်ဆက်နိုင်ရန် စီစဉ်နေသည်ဟု GSMARENA က ဆိုသည်။

ဆိုနီက ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံဈေးကွက်အတွင်း အခြေစိုက်ပြီး စမတ်ဖုန်းများ ထုတ်လုပ်သွားမည်ဟုလည်း ဇွန်လ ကုန်ပိုင်းက သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဆိုနီအနေဖြင့် လာမည့် နှစ်နှစ်အတွင်း အိန္ဒိယဈေးကွက်ကို အခြေချနိုင်ဖွယ်ရှိသည်ဟုလည်း သတင်းများက ခန့်မှန်းဖော်ပြထားသည်။

လက်ရှိအချိန်တွင် စမတ်ဖုန်းဈေးကွက်ဝေစု ရယူနိုင်မှုတွင် တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဒုတိယနေရာတွင် Apple က ရပ်တည်နေခဲ့သည်။ စမတ်ဖုန်းဈေးကွက်၏ တတိယ နေရာရယူနိုင်ရန်အတွက် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများက အားစိုက်လာကြချိန်တွင် ဆိုနီက ဈေးကွက်ဝေစု ကို ပိုမိုရယူနိုင်ရန် အတွက် အိန္ဒိယဈေးကွက်ကို အခြေချရန် စီစဉ်လာခြင်း ဖြစ်သည်ဟု သတင်းများက ဆိုထားသည်။

Xperia Z စီးရီး စမတ်ဖုန်းများတွင် ကင်မရာအရည်အသွေးမြင့်မားမှုအပြင် ရေအောက်အနက် တစ်မီတာ တွင် မိနစ် ၃၀ ရေစိမ်ခံနိုင်သည့် စွမ်းဆောင်ရည်များဖြင့် ဈေးကွက်ထိုးဖောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly