ဂျွန်နီဒပ်နဲ့ ကွာရှင်းတော့မည့် အမ်မာဟာ့ဒ်

ဂျွန်နီဒပ်နဲ့ ကွာရှင်းတော့မည့် အမ်မာဟာ့ဒ်

ဟောလီးဝုဒ်မင်းသမီး အမ်မာဟာ့ဒ်သည် ခင်ပွန်းဖြစ်သူ ဂျွန်နီဒပ်ကို ကွာရှင်းရန်အတွက်  တရားရုံးတွင် လျှောက်ထားခဲ့ကြောင်း မီဒီယာများက မေ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၃၀ နှစ်အရွယ်ရှိ ဟာ့ဒ်သည် မေ ၂၃ ရက်က လော့စ်အိန်ဂျလိစ် တရားရုံးတွင် ကွာရှင်းရန် လျှောက်ထားခဲ့ပြီး အသက် ၅၂ နှစ်အရွယ်ရှိ  ဂျွန်နီဒပ်နှင့် ညှိနှိုင်း၍ မရသော ကိစ္စများကြောင့် ကွာရှင်းရန် လျှောက်ထားခြင်းဖြစ်ကြောင်း ပြောကြားထားသည်ဟု အနုပညာသတင်းဝက်ဆိုက်ဘ် TMZက အွန်လိုင်းတွင် တင်ထားသော တရားရုံးစာရွက် မိတ္တူများကို ကိုးကားပြောကြားထားသည်။

အမ်မာဟာ့ဒ် နှင့် ဂျွန်နီဒပ်တို့သည် ၂၀၁၁ ခုနှစ်က “ The Rum Diary” ရုပ်ရှင်ကားတွင် အတူ ပါဝင်သရုပ်ဆောင်ခဲ့ရာမှ သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

ဂျွန်နီဒပ်သည် ပြင်သစ်မင်းသမီး ဗာနက်ဆာပါရာဒက်စ်နှင့် လမ်းခွဲခဲ့ပြီးနောက် အမ်မာဟာ့ဒ်နှင့် စတင်တွဲခဲ့ခြင်း ဖြစ်သည်။ ဂျွန်နီဒပ်နှင့် ပါရာဒက်စ်တို့တွင် ဆယ်ကျော်သက်အရွယ် သားတစ်ယောက် နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။

ဂျွန်နီဒပ်၏ မိခင် ကွယ်လွန်ပြီးနောက် ရက်ပေါင်းများစွာ အကြာတွင် ကွာရှင်းတော့မည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဂျွန်နီဒပ် ပါဝင်သရုပ်ဆောင်ထားသော “ Alice Through the Looking Glass” ဇာတ်ကားကို မေ ၂၇ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသသွားမည် ဖြစ်သည်။

ဂျွန်နီဒပ်သည်  လူကြိုက်များသော ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ “ 21 Jump Street” တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းက အောင်မြင်ကျော်ကြားသော မင်းသားတစ်ဦး ဖြစ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် “ Edward Scissorhands” နှင့် “ Alice in Wonderland” ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly