ပြင်သစ်အလုပ်သမားသပိတ် ပိုမိုကြီးထွားလာ

ပြင်သစ်အလုပ်သမားသပိတ် ပိုမိုကြီးထွားလာ

ပါရီ၊ မေ ၂၆ ။             ။ ပြင်သစ်နိုင်ငံအတွင်း ရေနံချက်စက်ရုံများ၊ နျူကလီးယားစက်ရုံများ၊ ဆိပ်ကမ်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများရှိ အလုပ်သမားသမဂ္ဂများ၏ သပိတ်သည် ကြီးမားသည့် တစ်နိုင်ငံလုံးသပိတ်အသွင်သို့ ဦးတည်လျက်ရှိနေပြီဖြစ်သည်။

သပိတ်ပေါ်ပေါက်စေသည့် အဓိကအကြောင်းရင်းဖြစ်သော ပြုပြင်ပြောင်းလဲသည့် အလုပ်သမားဥပဒေကို ရုပ်သိမ်းမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် မန်နျူရယ်ဗဲလ်က တင်းခံကာ ဖိအားပေးပြောသော်လည်း ယင်းဥပဒေအား ပြန်လည်ပြင်ဆင်မွမ်းမံရနိုင်သည်ဟု ထင်မြင်ချက်များလည်း ပေါ်ထွက်လာသည်။

သပိတ်မှောက်အလုပ်သမားများက မော်တော်ကားလမ်းများနှင့် တံတားများကို ပိတ်ဆို့ထားကြသကဲ့သို့ နော်မန်ဒီရှိ နျူကလီးယားရေငုပ်သင်္ဘောအခြေစိုက်စခန်းကိုလည်းပဲ ပိတ်ဆို့ထားကြသည်။

နျူကလီးယားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုများလည်း နှေးကွေးသွားပြီး လောင်စာဆီပြတ်လပ်မှုလည်း ကြုံတွေ့နေရပြီဖြစ်သည်။

သပိတ်သက်ရောက်မှုကို ပါရီ၊ နန်တီနှင့် တောလို့သို့မှ ပျံသန်းသည် လေကြောင်းခရီးစဉ်များကိုပါ ရိုက်ခတ်သည်။ အစီအစဉ်ဖြင့် အလှည့်ကျ သပိတ်မှောက်နေသည့် ရထားမောင်းသမားများ၏ သပိတ်ကလည်း ခရီးစဉ်များ နှောင့်နှောင်းပျက်ယွင်းမှုများ ရှိလာနိုင်သည့် အခြေအနေသို့ ဦးတည်သွားနိုင်သည်။

အလုပ်သမားသမဂ္ဂများက အဓိကမြို့ကြီးများတွင် လူစုဝေးရန်အတွက် ညာသံပေးထားပြီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required