ကချင်ဒေသတွင် မိုးကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို အစိုးရက ကူညီထောက်ပံ့ရန်အဆို မှတ်တမ်းအဖြစ်သာထားရှိ

ကချင်ဒေသတွင် မိုးကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို အစိုးရက ကူညီထောက်ပံ့ရန်အဆို မှတ်တမ်းအဖြစ်သာထားရှိ

နေပြည်တော်၊ မေ ၂၆ ။              ။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြည်နယ်အစိုးရ နှင့် ပြည်ထောင်စုအစိုးရ မှ ကူညီထောက်ပံ့ဆောင်ရွက်ပေးရန် ကချင်လွှတ်တော်အမတ်နှစ်ဦး၏ အရေးကြီးအဆိုကို မှတ်တမ်းအဖြစ်သာထားရန် မေ ၂၆ရက် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ကချင်ပြည်နယ်၊ ခေါင်လန်းဖူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် အာမိုးဆီ နှင့် ချီဖွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးဇုံတိန့်တို့က ပျက်စီးဆုံးရှုံးမှုများအတွက် ပြည်နယ်အစိုးရ နှင့်   ပြည်ထောင်စုအစိုးရက ကူညီထောက်ပံ့ပေးရန် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတစ်ဝန်းလုံးတွင်ဖြစ်ပွားနေသည့် ဘေးအန္တရယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသည့် ဘေးသင့်ပြည်သူများအတွက် စားဝတ်နေရေး လတ်တလော သက်သာချောင်ချီစေရေးအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုနှင့်ပက်သက်၍ လွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လာချင်ကျေးရွာအုပ်စု နှင့် လကင်ကျေးရွာအုပ်စုရှိကျေးရွာ (၈) ရွာ၌ ဧပြီ ၂၁ ရက် နှင့် မေ ၄ရက်က မိုးသည်ထန်စွာရွာသွန်းပြီး လကင်ချောင်းရေတိုးမှုကြောင့် နေအိမ် (၂၁၂) လုံး ရေမျောပါပျက်စီးခဲ့ပြီး အိမ်ထောင်စု (၂၁၂)၊ လူဦးရေစုစုပေါင်း (၁,၃၅၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၅) ရက်စာ ကျပ်သိန်း နှစ်ဆယ်သုံးသောင်းငါးထောင့်ငါးရာ ကျပ် နှင့် နေအိမ် (၂၁၂) လုံးအတွက် ၁လုံးလျှင် ငါးသောင်းကျပ် နှုန်း အပါအဝင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး မိုးကာစ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ စုစုပေါင်းထောက်ပံ့မှု (ကျပ်သိန်းတစ်ရာရှစ်ဆယ် ခြောက်သောင်း ခုနှစ်သောင်း ခုနှစ်ရာ့ခုနှစ်ဆယ့်နှစ်)   ဖြစ်ကြောင်း   ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“စားနပ်ရိက္ခာများရောက်ရှိလာပါက လုံခြုံရေး၊ ပြည်သူလူထုထံသို့မြန်မြန်ဆန်ဆန်ထောက်ပံ့နိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၊ ဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိသဖြင့် လွှတ်တော်အမတ် တင်ပြသည့် အရေးကြီးအဆိုကို မှတ်တမ်းအဖြစ်ထားရှိပေးရန် နှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ခံယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်" ဟု မြန်မာနိုင်ငံအမျိုးသားရှာဖွေရေး နှင့်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက လွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။

ကချင်ပြည်နယ်တွင် ဧပြီ ၁၉ ရက် နှင့် မေ ၁ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှု ၊ ရေကြီးမှုများကြောင့်၊ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ လုံးဝပျက်စီးသွားသည့် လူနေအိမ် (၂၀၈)လုံး၊ အမိုးလန်သောလူနေအိမ် (၉၉)လုံး၊ အနည်းငယ်ပျက်စီးသော လူနေအိမ် (၂၆၇) လုံး၊ စာသင်ကျောင်း (၈) ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုကျောင်း (၄) ကျောင်း နှင့် အုပ်ချုပ်ရေးမှူးရုံး (၁) ရုံး ပျက်စီးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရသိရသည်။

ပျက်စီးခဲ့သည့် အဆောက်အဦးများအတွက် ပြည်နယ်အစိုးရ မှ သက်ဆိုင်ရာဝန်ကြီးဌာသို့တင်ပြချက်အရ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဗဟိုသိုလှောင်ရုံတွင် (၇)ပေသွပ် အချပ်ရေ (၁၀၀၀၀) တစ်သောင်း အား ထုတ်ယူရန် စီစဉ်ပေးထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ကချင်ပြည်နယ်မှ လွှတ်တော်အမတ် နှစ်ဦးတင်သွင်းသည့် အရေးကြီးအဆိုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများက လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းတင်ပြပြီးနောက် အမတ်နှစ်ဦးတင်သွင်းသည့် အရေးကြီးအဆိုကို မှတ်တမ်းအဖြစ်သာထားရှိပေးရန် လွှတ်တော်ဥက္ကဋ္ဌထံတင်ပြခဲ့သည်။

အဆိုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ မှ ရှင်းလင်းပြောကြားပြီးနောက် လွှတ်တော်အမတ်များက ပကတိအခြေအနေများနှင့် ကွဲလွဲမှုရှိနေသည်များကို ပြန်လည်ဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သက်ဆိုင်ရာ ဝန်ကြီးဌာနများက တင်ပြသည့် မှတ်တမ်းတင်ထားရှိပေးရန် အပေါ်သဘောတူ၊ မတူ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အရေးကြီးအဆိုကို လွှတ်တော်က မှတ်တမ်းအဖြစ်ထားရှိရန် ဆုံးဖြတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required