ရန်ကုန်မြို့ လမ်းမလယ်များတွင် ချထားသည့် ကွန်ကရစ်တုံးများ ပြန်သိမ်းမည်

ရန်ကုန်မြို့ လမ်းမလယ်များတွင် ချထားသည့် ကွန်ကရစ်တုံးများ ပြန်သိမ်းမည်

ရန်ကုန်၊ မေ ၂၆ ။              ။ ရန်ကုန်မြို့တွင်းရှိ အများပြည်သူအသုံးပြုသည့် လမ်းများတွင် ချထားသည့် ကွန်ကရစ်တုံးများအား လိုအပ်သည့် နေရာမှအပ ကျန်နေရာများတွင် ပြန်လည် ဖယ်ရှားရှင်းလင်းသွားမည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၇ရက် လွှတ်တော်တွင် ပြောသည်။

"အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းတလျောက်မှာ စတင်ဆောင်ရွက်နေပါပြီ။ အနော်ရထာလမ်းနဲ့ မဟာ ဗန္ဓုလလမ်းပြီးရင် ကျွန်မတို့ ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းမှာ လုပ်ပါမယ်။ တုံးတွေကိုလည်း ကျွန်မတို့ တစ်ခါတည်းဖယ်ရှားဖို့ မဖြစ်နိုင်တဲ့ အတွက် လိုအပ်တဲ့နေရာတစ်ချို့မှာတော့ ချန်ခဲ့ပြီးတော့ ကျန်တာတွေကို တဖြေးဖြေးချင်းဖယ်ရှားရှင်းလင်းသွားမှာ ဖြစ်ပါတယ်"ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းစိန်လမ်းမ၊ ဘုရင့်နောင်လမ်း၊ ပါရမီလမ်း၊ မဟာ ဗန္ဓုလလမ်း၊ အနော်ရထာလမ်း အပါအဝင် အများပြည်သူ အသုံးပြုနေသည့်   မော်တော်ယာဉ်သွား လမ်းများ တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးဟုဆိုကာ ယခင်အစိုးရက ကွန်ကရစ်တုံးများ ချထားပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကွန်ကရစ်တုံးများသည် တစ်တုံးလျှင် ကျပ်သုံးသောင်းခွဲနှုန်းကုန်ကျကာ ကုန်ကျစရိတ် များပြားသော်လည်း ယဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်ဖြစ်ပွားမှုများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် ပြန်လည် ဖယ်ရှားပေးရန် ရှိမရှိ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

"ကွန်ကရစ်တုံးများချထားသော်လည်း ယာဉ်လိုင်းအချို့သည် စည်းကမ်းဥပဒေကို မလိုက်နာပဲ စည်းကမ်းဖောက်ဖျက်၍ လုပ်ဆောင်နေတာကိုတွေ့ရှိရပါတယ်။ ထို့ကြောင့် ကွန်ကရစ်တုံးများ ချထားသော်လည်း ဥပဒေ မသက်ရောက်ဘူးဆိုတာကို ပေါ်လွင်နေပါတယ်" ဟု ဦးကျော်မင်းဟန်က ပြောသည်။

အဆိုပါကွန်ကရစ်တုံးများအစား ခေတ်မီမြို့တော် အင်္ဂါရပ်နှင့်ညီအောင် CCTV များတပ်ဆင် အသုံးပြုရန် ရှိမရှိ မေးမြန်းရာတွင် နောက်ပိုင်းတွင် ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဟုသာ ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

ကွန်ကရစ်တုံးများအား ဖယ်ရှားရန် ကိစ္စကို မေလ ၁၉ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့တော်စည်ပင်ကော်မတီ၊ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စတင်ဖယ်ရှားနေပြီဖြစ်သည့် အနော်ရထာလမ်းတွင် ကွန်ကရစ်တုံး အတုံး(၂၀၀)ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly