ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးမည့် No Par ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲ ပြုလုပ်

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးမည့် No Par ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲ ပြုလုပ်

ရန်ကုန်၊ မေ ၂၆ ။          ။ လင်းလက်လက်ရွှေ ရုပ်ရှင် ၊ ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူး ပုံဖော်မည့် No Par အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလတွင် ပြည်မြို့၌ စတင်ရိုက်ကူးသွားမည် ဖြစ်သည်။

လင်းလက်လက်ရွှေ ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးမည့် No Par ဇာတ်ကား စာနယ်ဇင်းမိတ်ဆက်ပွဲနှင့် ကန်တော့ပွဲအခမ်းအနားကို မေလ ၂၆ရက်တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခဲ့သည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က "အခု ရိုက်မယ့် ရုပ်ရှင်ကားကြီး ကတော့ ဟာသကားလေးပါပဲ။ ပရိသတ်ကို ဟာသ ရသလေးပဲ ပေးမှာပါ။ ၉လပိုင်းမှာ ကျွန်တော်တို့ စရိုက်ပါမယ်။ ဟိန်းကိုကိုကျော်နဲ့က ရှေ့မှာ ဗီဒီယိုသုံးကား ရိုက်ဖူးထားတယ်။ အခက်အခဲတော့ မရှိပါဘူး။ သူက အနုပညာ လမ်းကြောင်းပေါ် တိုးထွက်လာမယ့် ကြယ်ပွင့်တစ်ပွင့် ဖြစ်မှာပါ" ဟု ပြောသည်။  

No Par ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်မှ ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် ခန့်စည်သူ၊ ဟိန်းကိုကိုကျော်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး နှင့် တခြားသရုပ်ဆောင်များစွာလည်း ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။

သရုပ်ဆောင် ဟိန်းကိုကိုကျော်က "ဒါ မိသားစုတိုက်က ရိုက်တဲ့အတွက် ကျွန်တော့်အတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးပါ။ ကျွန်တော်က ဒရမ်မာ အားသန်တဲ့သူ ဆိုတော့ ဒီကားက ဟာသဖြစ်တဲ့ အတွက် သရုပ်ဆောင်ရမှာ နည်းနည်းတော့ ခက်ပါတယ်။ ဒီထဲမှာ ကျွန်တော်က စိုးမြတ်သူဇာရဲ့သားပေါ့။ သူက သားလေးကို အရမ်းချစ်တဲ့ အတွက် ဘယ်ကောင်မလေးနဲ့မှ သဘောမတူဘူး။ တစ်ယောက်ပြလည်း No Par No Par နဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ တီဇာကြီး (မေသဉ္ဇာဦး) နဲ့ ပြန်ပြီး ဖြစ်သွားတဲ့ ဇာတ်ကားမျိုး ဟာသကားလေးပါ" ဟု ပြောသည်။

လင်းလက်လက်ရွှေ ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေး အနေဖြင့် လက်ရှိတွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် နှင့် ဗီဒီယိုဇာတ်ကား ၃ကား ရိုက်ကူးထားပြီး ထိုဗီဒီယို ဇာတ်ကား၃ကားမှာ ဇာတ်ရှည်၊ မျက်ရည်ပန်းကုံး၊ အလွမ်းသံမြည်တဲ့ခေါင်းလောင်းလေး ဇာတ်ကားတို့ပဲ ဖြစ်သည်။

ထိုဗီဒီယို ဇာတ်ကား ၃ကားကိုလည်း နောက်လတွေမှာ ဖြန့်ချိရန် စီစဉ်ထားပြီး No Par ရုပ်ရှင်ဇာတ်ကားကြီး ကိုလည်း စက်တင်ဘာလတွင် စတင်ရိုက်ကူး သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly