သက်ငယ် မုဒိမ်းမှု လျော့ပါးရေးအတွက် စင်တင်ပြဇာတ်

သက်ငယ် မုဒိမ်းမှု လျော့ပါးရေးအတွက် စင်တင်ပြဇာတ်

ကလေးငယ်တွေ မုဒိမ်းမုဆိုးများလက် မကျရောက်စေဖို့ ရန်ကုန်မှာစင်တင်ပြဇာတ်တစ်ခုတင်ဆက်ပြီးပညာပေးခဲ့ပါတယ်

ရန်ကုန် (Myanmar Now) – မကြာခဏပေါ်ပေါက်လာနေတဲ့မုဒိမ်းမှုတွေ ပပျောက်သွားအောင်လုပ်ဖို့ ခဲယဉ်းပေမဲ့လျော့ပါးသွားအောင်လုပ်ဖို့တော့ နည်းလမ်းတွေ ရှိပါတယ်။ နည်းလမ်းတစ်ခုကတော့ မှုခင်းဖြစ်ပွားတတ်တဲ့ဒေသမှာနေထိုင်သူတွေကိုပညာပေးခြင်းပါပဲ။

မတ်လကုန်ပိုင်းတနင်္ဂနွေညနေခင်းတစ်ခုရန်ကုန်၊  မြောက်ဥက္ကလာပမြို ့နယ်အတွင်းနေထိုင်သူတချို့ဟာသူတို့ဆီမှာတင်ဆက်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းစင်တင်ပြဇာတ်တစ်ခုကို ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီအဖြစ်အပျက်က ပြဇာတ်မကခင် တစ်လအလိုမှာပေါ်ပေါက်ခဲ့တာပါ။ ၇ နှစ်အရွယ် မိန်းကလေးကို၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကမူလတန်းကျောင်းထဲခေါ်သွားပြီးအဓမ္မကျင့်တယ်၊ မိဘတွေကကလေးပျောက်တာကိုသိသိချင်းလိုက်ရှာတော့ သူတို့ကိုကျောင်းထဲမှာသွားတွေ့တယ်ဆိုတဲ့မှုခင်းဖြစ်ရပ်ပါ။

မြောက်ဥက္ကလာပ၊ မေတ္တာလမ်းမကြီးပေါ်မှာကတဲ့ဒီပြဇာတ်ကိုကလေးရဲ့ မိခင်၊ ဖခင်ဖြစ်သူတို့လာကြည့်တာလည်းတွေ့ရပါတယ်။ “သမီးဒီလိုဖြစ်တဲ့အတွက် လုံးဝမရှက်ပါဘူး။ တကယ်ရှက်ရမှာက ကျူးလွန်တဲ့သူပါ။ သမီးလေးလိုတခြားသမီးငယ်လေးတွေ မဖြစ်စေလိုတဲ့ စေတနာနဲ့ဒီပြဇာတ်ကပြဖို့ကိုသဘောတူခဲ့တာပါ” လို့ မိခင်ဖြစ်သူကရှင်းပြပါတယ်။

စာနယ်ဇင်းတချို့မှာပါဝင်ခဲ့တဲ့မုဒိမ်းမှု သတင်း၊ ဆောင်းပါးတွေကိုပြဇာတ်ကတဲ့နေရာနားမှာကပ်ထားတာကိုပြဇာတ်ကြည့်ပရိသတ် စိတ်ဝင်တစားဖတ်ကြတာတွေ့ရပါတယ်။ ညနေခင်းမှောင်ရီပျိုးစ အချိန်မှာပဲပြဇာတ်စတင်ပါတယ်။ ထူးခြားချက်တစ်ခုကအဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေးကိုသရုပ်ဆောင်တစ်ဦးအဖြစ် တွေ့ရခြင်းပါပဲ။ ဒါပေမဲ့သူကအဓိကဇာတ်ဆောင်နေရာမှာတော့ မဟုတ်ပါဘူး။

ပြဇာတ်ကနေချိန်မှာကလေးမလေးကပျော်ရွှင်တက်ကြွနေပါတယ်။တခြားအချိန်တွေမှာတော့ ဒီကလေးကငေးငိုင်နေတတ်တယ်၊ တစ်ယောက်တည်းစကားတွေ ထိုင်ပြောနေတဲ့အချိန်တွေလည်းရှိတယ် လို့သူ့မိခင်ကပြောပါတယ်။

အဓမ္မကျင့်တယ်ဆိုတဲ့သူကိုထိန်းသိမ်းလိုက်တယ်၊ တရားစွဲတယ်၊ ကျူးလွန်သူရဲ ့မိသားစုဝင်တွေကတော့ ရပ်ကွက်ထဲကနေညတွင်းချင်းပြောင်းပြေးသွားတယ်လို့သူကပြောပါတယ်။
သူကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်လက်ထက် တရားစီရင်ရေးကိုလည်းမျှော်လင့်ချက်ထားနေသူပါ။

“အမှုတစ်ခုရင်ဆိုင်ရင် အချိန်ကုန်လူပင်ပန်းမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဒီအမှုနဲ့ပတ်သက်ပြီးဘယ်တော့မှ လက်လျှော့မှာမဟုတ်ပါဘူး။ နောက်ပြီး NLD အစိုးရကလည်းတရားမျှတတဲ့ တရားစီရင်ရေးဖြစ်အောင် ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်”လို့သူကပြောပါတယ်။

ဒီမိန်းကလေးအပါအဝင် သားသမီးခြောက်ယောက်ကိုရှာဖွေကျွေးမွေးဖို့အတွက်  မိဘနှစ်ဦးကဖိနပ်ထုတ်လုပ်တဲ့အိမ်မှာသွားရောက် လုပ်ကိုင်နေတုန်းဒီအမှု ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။
မိဘကွယ်ရာမှာမှုခင်းတွေ ဖြစ်ပွားတတ်ကြောင်းပညာပေးတဲ့ ဒီပြဇာတ်ကိုမေတ္တာလမ်းနဲ့ ဝန်းကျင်ကအရွယ်စုံပရိသတ် လာကြည့်ကြပါတယ်။

အများစုကတော့ သူတို့ကြည့်နေကြတာဟာဖြစ်ရပ်မှန်ဇာတ်လမ်းမှန်းမသိကြဘူးလို့ ဆိုပါတယ်။ တချို့လည်း ပြဇာတ်ကြည့်နေရင်းနဲ့ တစ်ဆင့်စကားတစ်ဆင့်နားကြောင့် ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတာ သိခဲ့ကြပါတယ်။
ကလေးတစ်ယောက်မိခင်မအေးအေးငယ်ကဒီလိုပညာပေး ပြဇာတ်တွေမကြာခဏကပြသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။ “ဒါမှ လူတွေလည်းအသိပညာ ဗဟုသုတတွေကြွယ်ဝမှာ၊လူမဆန်တဲ့ သူတွေကကိုယ့်ပတ်ဝန်းကျင်ထဲမှာပဲရှိနေတယ် ဆိုတာကိုသိသွားပြီးကိုယ့်သားသမီးတွေကိုယခင်ထက်ပိုဂရုစိုက်ဖြစ်မှာ”လို့ မအေးအေးငယ်ကပြောပါတယ်။

၄၇ နှစ်အရွယ် ဦးနိုင်ဝင်းကတော့ ဒီပြဇာတ်ကိုကလေးရှိတဲ့ မိဘတွေ ပိုပြီး ကြည့်သင့်တယ်လို့ ဆိုပါတယ်။ “မုဆိုးဆိုတာသားကောင်ကိုအမြဲချောင်းနေတာ။ ဒါကြောင့် ကိုယ့်ကလေးတွေ သားကောင်မဖြစ်ဖို့မိဘတွေမှာအပြည့်အဝတာဝန်ရှိပါတယ်” လို့ ဦးနိုင်ဝင်းကပြောပါတယ်။

မုဆိုးဆိုတာအနီးဝန်းကျင်မှာပဲရှိနေတတ်တယ်လို့ ပြပွဲစီစဉ်တဲ့ ရန်ကုန်အခြေစိုက် အခရာအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့မဝင်းဝင်းခိုင်ကဆိုပါတယ်။ “အမေတွေ အနေနဲ့သမီးကိုအဖေနဲ့ ပဲဖြစ်ပါစေစိတ်ချလက်ချ မထားသင့်ပါဘူး။ သက်ငယ်မုဒိမ်းမှုတွေကို ကြည့်မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့သူတွေကပဲ ကျူးလွန်ကြတာပါ” လို့ မဝင်းဝင်းခိုင်ကပြောပါတယ်။

ပြဇာတ်ပြီးချိန်အိမ်ပြန်သွားကြတဲ့ ပရိသတ်ဟာကလေးတွေကိုဘယ်လိုစောင့်ရှောက်ဖို့ လိုတယ်၊ ဒီလိုအဖြစ်ဆိုးမျိုးတွေ မကြုံရအောင် ဘယ်လိုတားဆီးနိုင်တယ် ဆိုတာတွေကိုပိုမိုသိရှိ နားလည်သွားကြလိမ့်မယ်လို့ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required