ရန်ကုန်က လိုင်းကားများကို အများပိုင်ယာဉ်လိုင်းအဖြစ် ပြောင်းလဲမည်

ရန်ကုန်က လိုင်းကားများကို အများပိုင်ယာဉ်လိုင်းအဖြစ် ပြောင်းလဲမည်
BRT (Bus Rapid Transit ) အမြန်သယ်ယူပို့ဆောင်သည့် ဘတ်စ်ကားစနစ် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ထောက်ကြံံလမ်းဆုံထိ ပြေးဆွဲနေသည့် ယဉ်လိုင်းအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မေ ၂၆ ။             ။ အများပြည်သူ သွားလာရေး အခက်အခဲများကို ဖြေရှင်းပေးရန် လက်ရှိပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများကို အစိုးရဦးဆောင်သော အများပိုင် ယာဉ်လိုင်းများအဖြစ် ပြောင်းလဲပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်က ပြောသည်။

" မထသ လက်အောက်မှာရှိတဲ့ မော်တော်ယာဉ်တွေကို ကျွန်မတို့ အစိုးရမှ ဦးဆောင်သော အများပိုင်ယာဉ်လိုင်းများ ဖွဲ့စည်းပြီး အဲဒီယာဉ်လိုင်း အောက်ကိုသွင်းပြီးတော့ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါတယ်" ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဒေါ်နီလာကျော်က လသာမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သွားလာရေးခက်ခဲနေမှုကို ဖြေရှင်းပေးရန် အစီအစဉ်ရှိမရှိ ဆိုသည့်မေးခွန်းကို မေ ၂၆ ရက် လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

"JICA ကနေ သုတေသနပြုထားချက်အရဆိုရင် ရန်ကုန်မြို့တွင်းမှာ ၅၀ရာခိုင်နှုန်းထက်မနည်းသော ၈၀ရာခိုင်နှုန်းအထိ ဘတ်စ်ကားများကို မှီခိုနေရပါတယ်။ ယာဉ်လိုင်းများသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော်လည်း မှတ်တိုင်တွင် ကြာရှည်စွာ ရပ်ခြင်း၊ မှတ်တိုင်ကျော်မောင်းခြင်း ယာဉ်အကူများ၏ မချေမငံဆက်ဆံခြင်းတို့ကြောင့် ပြည်သူများမှာ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုများ ဖြစ်နေရပါတယ်" ဟု ဦးကျော်မင်းဟန်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း အစိုးရဦးဆောင်သော အများပိုင် မော်တော်ယာဉ်လိုင်းအဖြစ် BRT ယာဉ်လိုင်းတစ်လိုင်းကို ၄၅စီး ဖြင့် ပြေးဆွဲလျက်ရှိပြီး မကြာမှီ ရက်ပိုင်းအတွင်း အစီး၂၀ ထပ်မံထိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော မော်တော်ယဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (မထသ) လက်အောက်ရှိယာဉ်များအား အများပိုင် ယာဉ်လိုင်းများအဖြစ် ပြောင်းလဲပြေးဆွဲ သွားမည်ဖြစ်သော်လည်း မည်သည့် အချိန်တွင် စတင်အကောင်အထည်ဖော်မည်ကို ဝန်ကြီးက ထည့်သွင်းပြောကြားသွားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required