မန်ယူကစားသမားဘဝ အဆုံးသတ်သွားသည့် နာနီ

မန်ယူကစားသမားဘဝ အဆုံးသတ်သွားသည့် နာနီ

အစ္စတန်ဘူလ်၊ ဇူလိုင် ၇။ ။ ပေါ်တူဂီတောင်ပံကစားသမား နာနီ၏ မန်ယူကစားသမားဘဝမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ မန်ယူအသင်းတွင် ရှစ်နှစ်ကြာ ရုန်းကန်ခဲ့ရပြီးနောက် နာနီသည် တူရကီကလပ် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။

မန်ယူအသင်းတွင် ခြေစွမ်းမပြနိုင်သည့် နာနီသည် ပြီးခဲ့သည့် ရာသီက စပို့တင်းလစ္စဘွန်းအသင်းတွင် အငှားသွားရောက်ကစားခဲ့သည်။ ယခုနှစ်တွင် ဖီနာဘာချီအသင်းက ၎င်းကို ပြောင်းရွှေ့ကြေး ပေါင် ၃.၅ သန်းဖြင့် ဝယ်ယူတော့မည် ဖြစ်သည်။

မန်ယူတောင်ပံကစားသမား နာနီသည် ဖီနာဘာချီအသင်းတွင် ဆေးစစ်မှု ခံယူရန်အတွက် အစ္စတန်ဘူလ်မြို့ sabiha gokcen လေဆိပ်သို့ ရောက်ရှိလာခဲ့ရာတွင် ပရိသတ်ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြသည်။

'ဒီကို ရောက်ရှိလာရတာ အမှန်တကယ်ကို ပျော်ရွှင်မိပါတယ်။ ဖီနာဘာချီအသင်းမှာ ကစားခွင့် ရရှိမှာက ကျွန်တော့် ကစားသမားဘဝရဲ့ အခွင့်အရေးအသစ် တစ်ခုပါပဲ။ ကျွန်တာ့်ရဲ့အရည်အချင်းကို ပြသရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိလိုပါတယ်' ဟု ဖီနာဘာချီ အသင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြောကြားသည်။

ဖီနာဘာချီပရိသတ်များသည် အောင်မြင်မှုရရှိသည့် ဘောလုံးသမားများကို ကြိုဆိုသကဲ့သို့ မီးရှုးမီးပန်းများ ပစ်ဖောက်ပြီး နာနီကို ကြိုဆိုခဲ့ကြသည်။ နာနီစီးနင်းလိုက်ပါလာသည့်ကား လေဆိပ်မှအထွက်တွင်လည်း ပရိသတ်များက ဝိုင်းအုံကာ အော်ဟစ် နှုတ်ဆက်ခဲ့ကြသည်။

'ပရိသတ်တွေဟာ ကျွန်တော့်အတွက် လမ်းပေါ်ကို ရောက်ရှိလာကြပြီး တစ်ခဲနက် ကြိုဆိုခဲ့ကြပါတယ်။ တကယ်ကို ပျော်ရွှင်စရာကောင်းပါတယ်။ သူတို့ကို ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်း ပြသလိုပါတယ်။ စွမ်းဆောင်နိုင်သလောက် အကောင်းဆုံးကစားသွားမှာပါ' ဟုလည်း နာနီက ပြောသည်။

နာနီသည် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၈၆ ပွဲကစားထားပြီး ၁၅ ဂိုးသွင်းယူပေးထားသည်။ မန်ယူအသင်းအတွက် ပွဲ ၂၃၀ ကစားပေးခဲ့ပြီး ဂိုး ၄၀ သွင်းယူခဲ့သည်။ ပြီးခဲ့သည့်ရာသီက စပို့တင်းလစ္စဘွန်းအသင်း၌ ကစားခဲ့ရာတွင်မူ ၃၅ ပွဲတွင် ၁၂ ဂိုး သွင်းနိုင်ခဲ့သည်။ ပြီးခဲ့သည့်ရာသီက မန်ယူအသင်းသည် အာဂျင်တီးနားနောက်ခံကစားသမား ရိုဟိုကို ခေါ်ယူလိုသည့်အတွက် နာနီကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် နာနီ၏ မန်ယူကစားသမားဘဝမှာ ပြီးဆုံးသွားခဲ့သည်။

နာနီက နိုင်ငံအသင်းဖော်များဖြစ်သည် ဘရူနိုအဲလ်ဗက်စ်နှင့် မီရာလက်စ်တို့ထံမှ ဖီနာဘာချီအသင်းအကြောင်းကို သိရှိထားပြီး ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ 'ဖီနာဘာချီအသင်းအကြောင်းကို အမြဲတမ်းသိခဲ့ရပါတယ်။ ဒီအသင်းက ရည်မှန်းချက် မြင့်မားတဲ့အသင်းပါ။ ဒါကြောင့် ဒီအသင်းကို လာရတာ ကျေနပ်နှစ်သက်စရာကောင်းပါတယ်။ အဲလ်ဗက်စ်နဲ့ မီရာလက်စ်တို့ ရှိနေလို့ ဒီနေရာက မိသားစုလို ခံစားရပါတယ်။ အသင်းမှာ မကြာခင် အထိုင်ကျသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်' ဟု နာနီက ပြောဆိုခဲ့သည်။

နာနီသည် ၎င်း၏ ကစားသမားဘဝတစ်လျှောက်တွင် စပို့တင်းလစ္စဘွန်းအသင်းနှင့် အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်၊ မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ဖလားလေးလုံး၊ ချန်ပီယံလိဂ်ဖလားတစ်လုံး၊ ရှုံးထွက်လိဂ်ဖလား တစ်လုံး၊ ကွန်မြူနတီဒိုင်း လေးကြိမ်နှင့် ဖီဖာကမ္ဘာ့ကလပ်ဖလား တစ်ကြိမ် ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly