တနင်္သာရီတိုင်းအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ မြိတ်ခရိုင်က အများဆုံးဖြစ်

တနင်္သာရီတိုင်းအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ မြိတ်ခရိုင်က အများဆုံးဖြစ်
(ဓာတ်ပုံ- ညီညီ)

မြိတ်၊ မေ၊ ၂၅ ။   ။ တနင်္သာရီတိုင်းဒေသကြီး၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ မြိတ်ခရိုင်တွင် အမှုပေါင်း (၄၉)မှု ဖြင့် အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်ထွန်းက ပြောကြားလိုက်သည်။ 

မေ ၂၅ရက်က ပြုလုပ်သည့် မြိတ်ခရိုင်ရဲတပ်ဖွဲ့၏ ပြည်သူ့ဝန်ဆောင်မှုကိုရှေးရှုသောရဲလုပ်ငန်းဆိုင်ရာ ရက် (၁၀၀)စီမံချက် နှင့်ပတ်သက်သည့် ရှင်းလင်းပွဲအခမ်းအနားတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ ထားဝယ်၊ ကော့သောင်းခရိုင်တွေထက် လက်ရှိအနေအထားမှာတော့ မြိတ်ခရိုင်က အများဆုံးဖြစ်နေပါတယ်။ ဒါကြောင့် ဒီရက်(၁၀၀)စီမံချက်အနေနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေက ပြီးဆုံးသွားမှာတော့မဟုတ်ပါဘူး။ဒါကို စံတစ်ခုထားပြီး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ဒုတိယရဲမှူးကြီးက ဆိုသည်။

မြိတ်ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် ဧပြီ ၁ ရက်မှစ၍ မေ ၂၅ ရက်အထိ ရက်(၁၀၀)စီမံချက်ကာလအတွင်း မြိတ်မြို့နယ်အတွင်း WY ဆေးပြားအမှု (၃၄) မှု၊ ဘိန်းစာမှုန့် (၅)မှု၊ ကျွန်းစုမြိ့ုနယ်အတွင်း WY ဆေးပြား (၁) မှု၊ ဘိန်းစာမှုန့် (၂) မှု၊ ပုလောမြို့နယ်အတွင်း WY ဆေးပြားအမှု (၁) မှု၊ ဘိန်းစာမှုန့် (၁)၊ တနသာၤရီမြိ့ုနယ် အတွင်း WY ဆေးပြားအမှု (၃)မှု စုစုပေါင်း (၄၉) မှု တန်ဖိုးအားဖြင့် ငွေကျပ် ( ၂၂၄၇၉၀၆၅၀)အထိ ရှိခဲ့ကြောင်း ခ ရိုင်ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

ထို့အပြင် ၂၀၁၆ ခုနှစ်အစဖြစ်သည့် ဇန်နဝါရီ (၁)ရက်မှ ယနေ့ မေ (၂၅)အထိဆိုပါက မူးယစ်ဆေးဝါး ဖမ်းဆီးရမိ မှုအနေအထားမှာ WY ဆေးပြားအမှု၊ ဘိန်းစာမှုန့်အမှု ၊ ICE မူးယစ်ဆေးဝါးအမှု စုစုပေါင်း ၁၀၃ မှု၊ တန်ဖိုးအားဖြင့် ငွေကျပ် သိန်းနှစ်ထောင်ကျော် (၂၄၃,၃၇၉,၄၉၀) ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး၏ ပြောကြားချက်အရသိရသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မြို့ပေါ်နေရာများတွင် စိန်ခေါ်မှုပိုများပြီး ပြည်သူများ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း ၎င်းက တိုက်တွန်းလိုက်သည်။ မူးယစ်ရာဇာများကို ဆက်လက်ဖော်ထုတ်နိုင်မှသာလျှင် နိုင်ငံ၏ မျိုးဆက်သစ် လူငယ်များအနာဂတ် ပွင့်လင်းလာနိုင်မည်ဟု ၎င်းက ပြောဆိုသွားသည်။

အဆိုပါရှင်းလင်းပွဲအခမ်းအနားကို မြိတ်မြိ့ု ၊ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် ကျင်းပခဲ့ပြီး ရက်(၁၀၀)ကာလ မှုခင်းများကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးရေးနှင့် ယာဉ်စည်းကမ်းလိုက်နာစေရေး အစီအမံများကို ရှင်းလင်းပြောကြားခဲ့ကြကာ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly