နိုင်ငံပိုင်သတင်းစာ၏ သတင်းမှားယွင်းဖော်ပြမှုအပေါ် ပြေလည်အောင် ဆောင်ရွက်မပေးပါက စိမ်းလန်းပြင်ဦးလွင်က တရားစွဲမည်ဟုဆို

နိုင်ငံပိုင်သတင်းစာ၏ သတင်းမှားယွင်းဖော်ပြမှုအပေါ် ပြေလည်အောင် ဆောင်ရွက်မပေးပါက စိမ်းလန်းပြင်ဦးလွင်က တရားစွဲမည်ဟုဆို

မန္တလေး၊ မေ ၂၅ ။  ။ ပြင်ဦးလွင်မြို့ ကန်တော်ကြီးဝန်းကျင်ရှိ မြေများပေါ်တွင် ဝင်းခြံခတ်ခြင်းနှင့် အဆောက်အဦးများ တည်ဆောက်နေခြင်းကို စိမ်းလန်း ပြင်ဦးလွင်အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည့် သတင်းမှာ မှားယွင်းနေကြောင်း ယင်းအဖွဲ့က ရှင်းလင်းခဲ့သည်။ 

မေလ ၁၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် စိမ်းလန်းပြင်ဦးလွင်အဖွဲ့၏ ဥက္ကဋ္ဌ ဦးလေးမြင့်အောင်၏ ပြောကြားချက်ကို ကိုးကားကာ "ကန်တော်ကြီး၊ကန်တော်လေး ရေဝေရေလဲ ဒေသဧရိယာပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်နေထိုင်သူတို့သည် ပြင်ဦးလွင်မြို့သားများ မဟုတ်ကြောင်း မြေဂရန်ထုတ်ပေးသူ ဝန်ထမ်းတို့မှာလည်း ပြင်ဦးလွင်မြို့သို့ခေတ္တလာရောက် တာဝန်ထမ်းဆောင်သူများသာဖြစ်ကြောင်း၊ထို့ကြောင့် ပြင်ဦးလွင်မြို့ ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် အကြောင်းအရာများကို အလေးမထား ဂရုမပြုစွာ လုပ်ကိုင်ဆောင်ရွက်မှုတို့ကြောင့် ရေဝေရေလဲဒေသတွင် အဆောက်အအုံ ဆောက်လုပ်နေထိုင်ခြင်းနှင့် မြေကွက်ရိုက်ယူခြင်းတို့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း" ပါရှိခဲ့သည်။

သို့သော် ယင်းပြောစကားများကို ဦးလေးမြင့်အောင်က ပြောဆိုခဲ့ခြင်း မရှိသည့်အပြင် သတင်းရေးသားသူနှင့်လည်း အင်တာဗျူးလုပ်ဆောင်ခဲ့ခြင်း မရှိဟု မေလ ၂၅ရက်က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြန်လည် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောဆိုခဲ့ခြင်းမရှိဘဲ သတင်းစာထဲတွင် ထည့်သွင်းရေးသားခြင်းသည် စိမ်းလန်းပြင်ဦးလွင်အဖွဲ့ကို ပြင်ဦးလွင်ဒေသခံများ ယုံကြည်မှုရှိနေသည်ကို လျော့နည်းလာစေရန် ရည်ရွယ်ချက်ဖြင့် ရေသားခဲ့သည်ဟု ဦးလေးမြင့်အောင်က ပြောဆိုလိုက်သည်။

"အခုလိုလုပ်တာက ကျွန်တော်တို့အဖွဲ့ကို ဂုဏ်သိက္ခာကျအောင်လုပ်တာပဲ။ သူ့ကိုခေါ်ပြောတယ်။ ပြေလည်အောင်ဆောင်ရွက်မပေးဘူး။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲလုပ်ပြီးရှင်းပြတာပဲ။ ကျွန်တော်တို့ ကျေနပ်အောင် ဆောင်ရွက်မပေးဘူးဆိုရင် တရားစွဲသွားမှာပါ။"ဟု ဦးလေးမြင့်အောင် ကပြောသည်။

အဆိုပါသတင်းရေးသားသူ ကိုသက်နိုင်(ပြင်ဦးလွင်)က "ကျွန်တော့်မှာ သူတို့ပြောတဲ့ အထောက်အထားရှိပါတယ်။တရားစွဲလည်း ရင်ဆိုင်သွားမှာပါ။ သူတို့မပြောဘဲမရေးပါဘူး။"ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စိမ်းလန်းပြင်ဦးလွင်အဖွဲ့က ယနေ့ ရက်စွဲဖြင့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ကြေချက်ထဲတွင် သတင်းထောက် ကိုသက်နိုင်(ပြင်ဦးလွင်)၏ ရေးသားချက်သည် အများပြည်သူမှ စိမ်းလန်းပြင်ဦးလွင်အဖွဲ့၏ ပုံရိပ်အပေါ် အထင်မှားစေနိုင်သောကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ရေးသားသူက တာဝန်ခံရန်နှင့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့အနေဖြင့် လိုအပ်သော တုန့်ပြန်အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

စိမ်းလန်းပြင်ဦးလွင်အဖွဲ့ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ကစတင်ဖွဲ့စည်းခဲ့ပြီး သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် ဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးတို့ကို လုပ်နေခြင်းဖြစ်သည်ဟုလည်း ဦးလေးမြင့်အောင်က ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required