လစာနည်း၍ ကျောင်းဆရာက ဓားပြဂိုဏ်းထောင်

လစာနည်း၍ ကျောင်းဆရာက ဓားပြဂိုဏ်းထောင်

ဖနွမ်းပင်၊ မေ ၂၅ ။              ။ ကမ္ဘောဒီးယားနိုင်ငံတွင် မူလတန်းပြကျောင်းဆရာတစ်ဦးက လစာနည်းပါးသဖြင့် လက်နက်ကိုင်ဂိုဏ်းကို ထောင်ထားပြီး ဓားပြတိုက်ရာဇဝတ်မှုကျုးလွန်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အသက် ၆၂ နှစ်အရွယ်ရှိ မိုအန်ဆာရီဆိုသည့် လက်နက်ကိုင်ဓားပြတိုက်မှု ၃၇ မှုဖြင့် ငါးနှစ်တာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ ဖမ်ဆီးမိခြင်းဖြစ်ပြီး ခိုးဆိုးဓားပြတိုက်မှုနှင့် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲထားကြောင်း ဖနွမ်းပင်ရဲဌာနက ပြောသည်ဟု ခမာတိုင်းမ်စ်သတင်းတွင် ဖော်ပြသည်။

မိုအန်သည် နိုင်ငံတောင်ပိုင်း ပရေးဗန်းပြည်နယ်မှ ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် ကျောက်မျက်ရတနာဆိုင်တစ်ဆိုင်တွင် ဓားပြတိုက်ကာ ဆိုင်ရှင်အား ရိုက်နှက်ပြီး အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ဖိုးရှိ ရတနာနှင့် ငွေသားများကို ယူဆောင်ထွက်ပြေးခဲ့မှုတွင်လည်း သံသယရှိထားသူဖြစ်သည်။

ယင်းဓားပြမှုသည် မိုအန်ကျုးလွန်သည့် နောက်ဆုံးအမှုပင်ဖြစ်ကြောင်း၊မိုအန်၏ တိုက်ဖော်တိုက်ဖက်နှစ်ဦးအား ဖမ်းဆီးမိပြီးနောက် ၎င်းတို့က ဂိုဏ်းခေါင်းဆောင်မှာ မိုအန်ဖြစ်သည်ဟု ထွက်ဆိုကြကြောင်း အာဏာပိုင်များက ပြောသည်။

မြို့တော် ဖနွမ်းပင်က ဆောက်လက်စအဆောက်အအုံတစ်လုံးကို ရဲက စစ်ဆေးရာမှ ရာဇဝတ်ဓားပြမှု၏ ခေါင်းဆောင် မိုအန်အား ဖမ်းဆီးလိုက်နိုင်ခြင်းဖြစ်သည်။ မိုအန်သည် ကျောင်းဆရာအလုပ်ဖြင့် လစာမှာ အလွန်နည်းသဖြင့် ဘဝနောက်ပိုင်းမှ အလုပ်အကိုင်ပြောင်းကာ ဓားပြတိုက်လာသူဖြစ်ကြောင်း ရဲဌာနအကြီးအကဲ ဆန်ဂဟန်က ပြောသည်။

သို့သော် သူ့ရောက်နေသည့် အသက်အရွယ်ဖြင့် ထိုသို့ စိတ်ကူးပေါက်ထလုပ်ခဲ့ခြင်းသည် အလွန်ကလေးကလားဆန်၍ လူငယ်ရူးသွမ်းများသာ လုပ်မည့် လုပ်ရပ်မျိုးဖြစ်ကြောင်း ဆန်ဂဟန်က ကမ္ဘောဒီးယားပို့စ်သတင်းစာသို့ ပြောသည်။

မိုအန်၏ ဓားပြဂိုဏ်းသား သုံးဦးမှာလွတ်မြောက်ဆဲဖြစ်သော်လည်း မည်သူမည်ဝါတို့ဖြစ်ကြောင်းကို သိရှိထားပြီးဖြစ်၍ မကြာမီဖမ်းဆီးရမိမှာပဲဖြစ်ကြောင်းလည်း အခြားရဲတာဝန်ရှိသူတစ်ဦးက   ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly