အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးဖြစ်လာသည့် အမေရိကန်အသင်း

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးဖြစ်လာသည့် အမေရိကန်အသင်း

ဗန်ကူဗာ၊ ဇူလိုင် ၆။ ။ ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အမေရိကန်အမျိုးသမီးအသင်းသည် ဂျပန်အမျိုးသမီးအသင်းကို ၅-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းသစ် ရေးထိုးလိုက်ပြီ ဖြစ်သည်။

အမေရိကန်အသင်းနှင့် ဂျပန်အသင်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း တွေ့ဆုံခဲ့ကြဖူးပြီး ဂျပန် အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အမေရိကန်အသင်းသည် ယခုပွဲတွင် ဂိုးပြတ်အနိုင်ယူပြီး ဂျပန်ကို လှလှပပ လက်စားချေနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ဗိုလ်လုပွဲစဉ်တွင် အမေရိကန်အသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး ကာလီလွိုက်ဒ်က သုံးဂိုး၊ ကွင်းလယ်လူများဖြစ်သည့် ဟောလီးဒေးနှင့် ဟက်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြသည်။ ဂျပန်အသင်းအတွက် ချေပဂိုးများကို တိုက်စစ်မှူး အိုဂီမီက တစ်ဂိုးနှင့် အမေရိကန်နောက်ခံလူ ဂျွန်စတုန်းက ကိုယ့်ဂိုးကို တစ်ဂိုးပြန်သွင်းမိခဲ့ခြင်း ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲခြောက်ကြိမ်တွင် အမေရိကန်အသင်းမှာ သုံးကြိမ် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး နှစ်ကြိမ် ဗိုလ်စွဲခဲ့သည်။ ယခုဗိုလ်လုပွဲ မတိုင်မီက အမေရိကန်အသင်းနှင့် ဂျာမနီအသင်းတို့သည် နှစ်ကြိမ်စီဗိုလ်စွဲထားရာ ယခုအချိန်တွင် အမေရိကန်အသင်းမှာ ပထမ သုံးကြိမ်၊ ဒုတိယတစ်ကြိမ်နှင့် တတိယသုံးကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ပြီ ဖြစ်သည်။

ပြိုင်ပွဲကြီးပြီးဆုံးချိန်တွင် အမေရိကန်အသင်းက ပထမ၊ ဂျပန်အသင်းက ဒုတိယ၊ အင်္ဂလန်အသင်းက တတိယရရှိပြီး ဂျာမနီအသင်းက စတုတ္ထရရှိခဲ့သည်။

အမေရိကန်တိုက်စစ်မှူး ကာလီလွိုက်ဒ်မှာ ပြိုင်ပွဲ၏ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သလို သွင်းဂိုးခြောက်ဂိုးဖြင့် ဂျာမနီတိုက်စစ်မှူး ဆာဆီနှင့်အတူ ရွှေဖိနပ်ဆုကို ရရှိခဲ့သည်။ ကာလီလွိုက်ဒ်သည် ဂျပန်ကို အနိုင်ရရှိခဲ့သည့် ဗိုလ်လုပွဲတွင် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် လေးဂိုးမြောက်သွင်းယူခဲ့သည့် ဂိုးမှာ ကွင်းလယ်ကနေ ကန်သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်အသင်းမှ အမာဒီနီအွန်နရီက ရရှိခဲ့ပြီး တတိယကြေးဘောလုံးဆုကို ဂျပန်အသင်းမှ မီယာမာက ရရှိခဲ့သည်။

အကောင်းဆုံးဂိုးသမားဆုကို အမေရိကန်ဂိုးသမား ဟုပ်ဆိုလိုက လည်းကောင်း၊ အကောင်းဆုံးလူငယ်ကစားသမားဆုကို ကနေဒါမှ ဘူချာနန်ကလည်းကောင်း ရရှိခဲ့ပြီး အသန့်ရှင်းဆုံးအသင်းဆုကို ပြင်သစ်အသင်းက ရရှိခဲ့သည်။

အသင်းပေါင်း ၂၄ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ပွဲပေါင်း ၅၂ ပွဲကစားခဲ့ပြီး ၁၄၆ ဂိုး သွင်းယူခဲ့ကြသည်။ ပရိသတ်ပေါင်း ၁,၃၅၃,၅၀၆ ဦး လာရောက်ကြည့်ရှုခဲ့ပြီး တစ်ပွဲပျမ်းမျှ နှစ်သောင်းခြောက်ထောင်ကျော် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ရည်ညွှန်း ဝီကီပီးဒီးယား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required