ဖားကန့်စာသင်ကျောင်းအနီး မေ ၂၅ရက်က ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

ဖားကန့်စာသင်ကျောင်းအနီး မေ ၂၅ရက်က ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

ချင်းမိုင်၊ မေ ၂၅ ။              ။ ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်တွင် မေလ ၂၅ ရက်က ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာ ရှိမှုမရှိဟု ဆိပ်မူကျေးရွာအုပ်စုမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဦးရွှေသိန်းက မဇ္ဈိမကို ပြောသည်။

နံနက် ၉ နာရီခွဲချိန်တွင် ဆိုင်းဆောင်ကျေးရွာလယ်ခေါင်ရှိ မြန်မာ့တပ်မတော် တပ်စခန်းအနီး၊ စာသင်ကျောင်း အနီး၌ ပေါက်ကွဲခဲ့သဖြင့် ဒေသခံများ ထိပ်လန့်နေရခြင်း ဖြစ်သည်။

“ဒီမနက် ၉ နာရီလောက်မှာ ဆိုင်းတောင်ရွာလယ်ခေါင်မှာ ရှိတဲ့ စစ်တပ်စခန်းနဲ့ ရေပေးဝယ်ရေးရုံးနဲ့ ကပ်ရပ်၊ စာသင် ကျောင်းနားမှာ ဗုံးတလုံးထကွဲတယ်။ ကျောင်းသားတွေ ကျောင်းအပ်နေတာနဲ့ တိုက်ဆိုင်နေတာ၊ ဒေသခံတွေက ကြောက်စိတ်တော့ ရှိတာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

ဆိုင်းတောင်ကျေးရွာအလယ်တွင် မြန်မာ့တပ်မတော်၏ တပ်စခန်း မရှိသင့်ဟုလည်း ဦးရွှေသိန်းက ၎င်း၏ အမြင်ကို ပြောသည်။ တပ်စခန်းရှိနေသဖြင့် ကေအိုင်အေနှင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ဟုဆိုကာ ဒေသခံများက ထိတ်လန့်နေကြောင်း ၎င်းက ဆိုသည်။

မေလ ၈ ရက်ကလည်း ဆိုင်းတောင်ရွာလယ်ခေါင်ရှိ စစ်တပ်စခန်း၏ မြောက်ဘက်ရှိ လမ်းကြားတွင် ဗုံးပေါက်ကွဲခဲ့သဖြင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မေလ ၂၂ ရက်ကလည်း ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ရပ်ကွက်ရှိ ရာအိမ်မှူး အမျိုးသမီး ဒေါ်နန္ဒလှိုင်အား အမည်မသိသူ လူနှစ်ဦးမှ သေနပ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ဒေါ်နန္ဒာလှိုင်၏ ဈာပနကို မေလ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် သဂြိုလ်မည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required