ရေဘေးဒုက္ခကျရောက်ခဲ့သော နိုင်ငံအတွက် ပြည်ပအကူအညီ ဒေါ်လာ ၂ ဘီလီယံထိ လိုအပ်နေဟု သီရိလင်္ကာပြော

ရေဘေးဒုက္ခကျရောက်ခဲ့သော နိုင်ငံအတွက် ပြည်ပအကူအညီ ဒေါ်လာ ၂ ဘီလီယံထိ လိုအပ်နေဟု သီရိလင်္ကာပြော

မေ ၂၅ ။                ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည့် ရေလွှမ်းမိုးမှုများကြောင့် ဖြစ်ပေါ်ထားခဲ့သော ပျက်စီးဆုံးရှုံးမှုများကို  ပြန်လည် တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာမှ ကူညီငွေ ဒေါ်လာ ၂ ဘီလီယံထိ လိုအပ်နေသည်ဟု သီရိလင်္ကာအစိုးရက မေလ ၂၅ ရက်တွင် တောင်းခံပြောကြားလိုက်သည်။

နှစ်ပေါင်း ၂၅ နှစ်တာအတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နိုင်ငံတစ်ဝန်း ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ အိမ်ခြေပေါင်း ၃၅,၀၀၀ အထိ ပျက်စီးသွားခဲ့ရသည်ဟု ဘဏ္ဍာရေး ဝန်ကြီး ရာဗီ ကာရူနန်နာယာကေ က ပြောသည်။  မြို့တော်ကိုလံဘိုသည် အထိခိုက်မှုအရှိဆုံးဟု ၎င်းက ထပ်လောင်းပြောကြားသည်။

" ကျွန်တော်တို့ဘက်က နိုင်ငံတကာကူညီထောက်ပံ့ငွေတွေ ရဖို့ ကြိုးပမ်းနေရပါတယ်၊ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်တည်ဆောက်ရမယ့် စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၇၅ ရာခိုင်နှုန်းလောက်အတွက် နိုင်ငံတကာကူညီငွေတွေနဲ့ ထေကာမိနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

နိုင်ငံတကာ ကူညီငွေများထဲမှ အများစုမှာ ချေးငွေ အဖြစ် ရောက်ရှိလာမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည့်အပြင် နိုင်ငံတွင်း၌ အလားတူ သဘာဝဘေးအန္တရာယ်များကျရောက်မှုဒဏ်ခံနိုင်မည့် မြို့ပြရေးဆွဲရေးအစီအစဉ်များကိုလည်း ကူညီရေးဆွဲပေးရေး ပြည်ပပညာရှင်များကိုလည်း တောင်းဆိုလိုကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

ယင်းနိုင်ငံတွင် ရေကြီးမှု ဖြစ်စဉ်များအပြင် မုန်တိုင်းကျရောက်မှုကြောင့် လူပေါင်း ၂၄ ဦး၊ မြေပြိုမှုများကြောင့်လည်း လူပေါင်း ရာနှင့်ချီပြီး သေဆုံးခဲ့ရမှုများ ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required