လာမည့်ရာသီသစ်တွင် အက်ဖ်အေဖလားပြိုင်ပွဲ၌ ဗီဒီယိုနည်းပညာအကူအညီ ရယူမည်

လာမည့်ရာသီသစ်တွင် အက်ဖ်အေဖလားပြိုင်ပွဲ၌ ဗီဒီယိုနည်းပညာအကူအညီ ရယူမည်

မေ ၂၅၊ အင်္ဂလန် ။               ။ လာမည့်ရာသီသစ်တွင် အက်ဖ်အေဖလားပြိုင်ပွဲများ၌ ဒိုင်လူကြီးများအနေဖြင့် ဗီဒီယိုနည်းပညာအကူအညီ ရယူသွားမည်ဖြစ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ကြေညာခဲ့သည်။

ဒိုင်လူကြီးများသည် အနီကတ်ပြစ်ဒဏ်များ၊ သွင်းဂိုးများ၊ ပင်နယ်တီများနှင့် အခြားမှားယွင်းသည့်ဆုံးဖြတ်ချက်များအတွက် ဗီဒီယိုနည်းပညာ အကူအညီရယူမည် ဖြစ်သည်။

ဗီဒီယိုအကူဒိုင်လူကြီး(Video assistant referee)အနေဖြင့် ကွင်းအတွင်းမှ အဖြစ်အပျက်များကို ရုပ်သံပြကွက်များမှ အဝေး၊ အနီး ပြန်လည်ကြည့်ရှုမည်ဖြစ်ပြီး ကွင်းလယ်ဒိုင်နှင့် ဆက်သွယ်ကာ အကူအညီပေးသွားမည် ဖြစ်သည်။ ကွင်းလယ်ဒိုင်လူကြီးအနေဖြင့်လည်း ကစားသမားများနှင့် အငြင်းပွားမှုများဖြစ်လာပါက ရုပ်သံပြကွက်များပြန်ကြည့်ရန် တောင်းဆိုနိုင်မည် ဖြစ်သည်။

ရုပ်သံအနှေးပြကွက်များပြန်ကြည့်ပြီး ဝေဖန်မှုများကြောင့် ပရီးမီးယားလိဂ်ဒိုင်လူကြီးများသည် ပြီးခဲ့သည့်ရာသီက ဖိအားများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ယခုနည်းပညာအကူအညီသည် ဒိုင်လူကြီးများကို ဖိအားများလျော့ကျစေပြီး အကူအညီပိုမိုရရှိစေမည် ဖြစ်သည်။

ဧရိယာစည်းအတွင်းမှ အငြင်းပွားဖွယ်အဖြစ်အပျက်များအတွက်လည်း ရှင်းလင်းသွားစေမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly