သမ္မတ အိုဘားမား ဟီရိုရှီးမား အထိမ်းအမှတ် ပန်းခွေချမည့်အခမ်းအနားသို့ အဏုမြူဗုံးကျဲမှုအတွင်းက အသက်ရှင်ကျန်ရစ်ခဲ့သူများ တက်ရောက်မည်

သမ္မတ အိုဘားမား ဟီရိုရှီးမား အထိမ်းအမှတ် ပန်းခွေချမည့်အခမ်းအနားသို့ အဏုမြူဗုံးကျဲမှုအတွင်းက အသက်ရှင်ကျန်ရစ်ခဲ့သူများ တက်ရောက်မည်

မေ ၂၅ ။             ။ ယခုသီတင်းပတ်အတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ အဏုမြူဗုံးကျခံရမှုဖြစ်စဉ် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် သမ္မတ အိုဘားမား ပန်းခွေချမည့် အချိန်တွင် ယင်းအဏုမြူ ဗုံးကျဲစဉ်က အသက်မသေဘဲ ရှင်သန်လွတ်မြောက်ခဲ့သူများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အလားတူ ယင်းအခမ်းအနားသို့ ယခင်စစ်ပွဲကာလက ဂျပန် တို့၏ ဖမ်းဆီးခံ အမေရိကန် စစ်သုံ့ပန်းဟောင်းများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်တို့ ကျဲချခဲ့သည့် အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူများအထိမ်းအမှတ် ကျောက်တိုင်တွင် လာမည့် မေ ၂၇ ရက်၌ သမ္မတ အိုဘားမားက ပန်းခွေ ချသွားမည်ဖြစ်ပြီး မှတ်ချက်စကားပြောကြားပေးသွားမည်ဖြစ်သည်။

အဏုမြူဗုံးကျဲခံခဲ့ရသည့် ဟီရိုရှီးမားသို့ လာရောက်သည့် ပထမဆုံးအမေရိကန်သမ္မတအဖြစ် ရောက်ရှိလာမည်ဖြစ်သည့် သမ္မတ အိုဘားမားက ၎င်းအနေဖြင့် အဏုမြူဗုံးကျဲခဲ့သည့် ဖြစ်စဉ်အတွက် တောင်းပန်စကား ပြောကြားပေးမည်မဟုတ်ကြောင်း အစောပိုင်းကတည်းက ပြောဆိုထားခဲ့သည်။

၁၉၄၅ သြဂုတ် ၆ ရက်က အမေရိကန်တို့က ဟီရိုးရှီးမားသို့ ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးကို ကျဲခဲ့ရာ လူပေါင်း ၁၄၀,၀၀၀ အထိ သေဆုံးခဲ့ရသည်။ အားပြင်းလွန်းသော နျူကလီးယားပေါက်ကွဲမှုများကြောင့် ယခုလို လူအမြောက်အများ သေဆုံးခဲ့ရသကဲ့သို့ အသက်မသေဘဲ ကျန်ရစ်ခဲ့သူများသည်လည်း သီတင်းပတ်၊လ၊ နှစ်ကာလကြာသည်အထိ ရေဒီယိုဓါတ်ရောင်ခြည်များသင့်ကာ ဖျားနာမှုများနှင့် ဒဏ်ရာပြင်းထန်မှုများ ရှိခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် အခြား မြို့တစ်မြို့ဖြစ်သော နာကာဆာကီသို့ ဒုတိယမြောက်ဗုံးတစ်လုံးထပ်မံအကျဲခံခဲ့ရကာ လူပေါင်း ၇၄,၀၀၀ သေဆုံးခဲ့ရသည်။

မေလ ၂၄ ရက်က ဟီရိုရှီးမားမြို့တော်ဝန် ကာဇူမီ မက်ဆူအီက ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံကာ အဏုမြူဗုံးဒဏ်သင့် အသက်ရှင်ကျန်ရစ်သူများနှင့် သမ္မတအိုဘားမားတို့တွေ့ဆုံရေး စီစဉ်ပေးရန် တောင်းဆိုပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်တွင် အသက်မသေဘဲ ကျန်ရစ်ခဲ့သူများ၏ ပျမ်းမျှအသက်မှာ အနည်းဆုံး ၈၀ ကို ကျော်လွန်နေခဲ့ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required