အမှိုက်သိမ်း သန့်ရှင်းရေးဝန်ထမ်းများကို ၃လတစ်ကြိမ် ဆေးစစ်ပေးရန် လွှတ်တော်ဥက္ကဋ္ဌက စည်ပင်ကိုတိုက် တွန်း

အမှိုက်သိမ်း သန့်ရှင်းရေးဝန်ထမ်းများကို ၃လတစ်ကြိမ် ဆေးစစ်ပေးရန် လွှတ်တော်ဥက္ကဋ္ဌက စည်ပင်ကိုတိုက် တွန်း

ရန်ကုန်၊ မေ ၂၄ ။                ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှိုက်သိမ်းလုပ်ငန်းလုပ်ကိုင်သည့် သန့်ရှင်းရေးဝန်ထမ်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းက ၃လတစ်ကြိမ် ကျန်းမာရေး ဆေးစစ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက သက် ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းအား တိုက်တွန်းပြောကြားလိုက်သည်။

မေလ ၂၄ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းဝေးတွင် ယခုကဲ့သို့ ပြောကြား ခဲ့ ခြင်း ဖြစ်သည်။

" စည်ပင်သာယာအဖွဲ့အတွင်းကနေပြီးတော့ အောက်ခြေဝန်ထမ်းဖြစ်တဲ့ သန့်ရှင်းရေးသမားတွေဟာသူ့တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ မြို့တော် စည်ပင်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဌာနကြီးတစ်ခုရှိပါတယ်။ အဲဒီဌာနကြီးကနေပြီးတော့ အောက်ခြေမှာ သန့် ရှင်းရေး ကျွန်တော်တို့အတွက် လုပ်ပေးနေတဲ့ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် သူတို့ကို အ နည်း ဆုံး ၃လတစ်ခါလောက် ဆေးစစ်ပေးသင့်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင် ထွန်းက ပြောသည်။

 စမ်းချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောတာအောင်က မေလ (၁၈)ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းဝေး ပထမနေ့တွင်  လက်ရှိလုပ်ဆောင်နေသောအမှိုက်သိမ်းစနစ်ထက်ပိုမိုကောင်းမွန်သော အမှိုက်သိမ်းစနစ် လုပ်ဆောင်ပေးရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အားတိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေး နွေးမှုအပြီးတွင် တိုင်းဒေသကြီး လအတ်တော် ဥက္ကဋ္ဌက ဖြည့်စွက် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၁)ဦးက မိမိတို့ မဲဆန္ဒနယ်အလိုက် လိုအပ်ချက်များ အရေးတကြီးလုပ်ဆောင်ရမည့် အချက်များနှင့် စပ်လျှဉ်း၍ ထောက်ခံဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးကိုယ်စား စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် စွမ်း အင်ဝန်ကြီး ဦးဟန်ထွန်းက လာရောက် ဖြေကြားပေးခဲ့သည်။

ဝန်ကြီးက ဖြေကြားရာတွင် အဆိုအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လက်ခံသည့်အပြင် အလေးအနက် ထား ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဟု ဖြေကြားကာ အဆိုအားလွှတ်တော်မှ အတည်ပြုခဲ့သည်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်း  မြို့နယ်အသီးသီးတွင် အမှိုက်သိမ်းယာဉ် ၃၅၀နှင့် လုပ်သား ၃၉၀၀ ကျော်တို့ မှာ နေ့စဉ်အမှိုက် သိမ်းနေကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required