ရန်ကုန်တိုင်းအတွက် အမှိုက်သိမ်းစနစ်တစ်ခု အလေးအနက်ထား လုပ်ဆောင်မည်

ရန်ကုန်တိုင်းအတွက် အမှိုက်သိမ်းစနစ်တစ်ခု အလေးအနက်ထား လုပ်ဆောင်မည်

ရန်ကုန်၊ မေ ၂၄ ။              ။ ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အသီးသီးတွင် ပိုမိုကောင်းမွန်သော အမှိုက်သိမ်းစနစ်တစ်ခုကို အလေးအ နက်ထားလုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ပြောသည်။

မေလ ၂၄ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းဝေးတွင် ဝန်ကြီးဦးဟန်ထွန်းက တိုင်းဒေသကြီး စည်ပင် ကိုယ်စား လွှတ်တော်တွင် လာရောက်ဖြေကြားခြင်း ဖြစ်သည်။

" တိုက်တွန်းချက်တွေဟာ မြို့ရဲ့ အင်္ဂါရပ် ပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ ကောင်းမွန်ဖို့အတွက် တိုက်တွန်းခြင်း ဖြစ်လို့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ လက်ခံအပ်ကြောင်း တင်ပြလိုပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုး ရေး မွေးမြူရေး သစ်တောနှင့် စွမ်း အင်ဝန်ကြီး ဦးဟန်ထွန်းက ပြောသည်။

စမ်းချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောတာအောင်က မေလ ၁၈ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းဝေး ပထမနေ့တွင်  လက်ရှိလုပ်ဆောင်နေသောအမှိုက်သိမ်းစနစ်ထက်ပိုမိုကောင်းမွန်သော အမှိုက်သိမ်းစနစ် လုပ်ဆောင် ပေး ရန်နှင့် နောက်ဖေးလမ်းကြားများ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့နေမှုကို မီုးရာသီအမှီ စီမံချက် ရေးဆွဲ ဆောင်ရွက်ရန် တိုင်းအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်တွင် လက်ခံဆွေး နွေးရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့်ပတ်သက်၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ပြည်ထောင်စုကြံံခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် လွှတ်တော် ကိုယ်စားလှယ် (၁၁)က ထောက်ခံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

"အမှိုက်ပစ်တဲ့ကိစ္စကို ပညာပေးမှု၊ စည်းရုံးမှုတွေ လုပ်ပေးဖို့ လိုတဲ့ အပြင် အရေးယူမှုတွေ လုပ်ရမယ်ဆိုလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေကြီး ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ကိုယ် စားလှယ် ဦးတင့်လွင်က ပြောသည်။

တိုင်းအစိုးရအဖွဲ့အနေဖြင့် အဆိုကိုလက်ခံကာ ထောက်ခံခဲ့သော်လည်း လူမှုရေးဝန်ကြီးက ဦးနိုင်ငံလင်းက အဆိုပါ ကိစ္စရပ်မှာ ကြီးမားသည့်ကိစ္စရပ်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအနေဖြင့် ကတိပေးပြီးမှ အကောင် အထည်မဖော်နိုင်ပါက ဝေဖန်မှုများခံရနိုင်သည့်အတွက် အဆိုကို လွှတ်တော်က မှတ်တမ်းသာ တင်ထား သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ပြီး အဆိုရှင်က မဲခွဲဆုံးဖြတ်ရန်တင်ပြခဲ့သည်။

ယင်းကဲ့သို့ မဲခွဲဆုံးဖြတ်ရန် တင်ပြခဲ့သည့်အတွက် လွှတ်တော် ဥက္ကဌမှ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကို ပြန်လည် မေးမြန်းခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် စွမ်းအင်ဝန်ကြီးက အဆိုအား လက်ခံသည့်အတွက် လွှတ်တော်တွင် အတည်ပြုခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် အမှိုက်သိမ်းယာဉ် ၃၅၀နှင့် လုပ်သား ၃၉၀၀ ကျော်တို့မှာ နေ့စဉ်အမှိုက် သိမ်းနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏   ဆွေးနွေးချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required