အကယ်ဒမီ ဗေလုဝ နှင့် သရုပ်ဆောင်မည့် ထိုင်းမော်ဒယ် Phatchara thabthong ဇွန် ၁ရက် မြန်မာနိုင်ငံသို့ လာမည်

အကယ်ဒမီ ဗေလုဝ နှင့် သရုပ်ဆောင်မည့် ထိုင်းမော်ဒယ် Phatchara thabthong ဇွန် ၁ရက် မြန်မာနိုင်ငံသို့ လာမည်

ရန်ကုန်၊ မေ ၂၄ ။                ။ Myanmar Media 7 မှ ရိုက်ကူးမည့် နာနာဘာဝ ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင် အကယ်ဒမီ ဗေလုဝ နှင့်အတူ တွဲဖက် သရုပ်ဆောင်မည့် ထိုင်း မော်ဒယ် သရုပ်ဆောင် Phatchara thabthong သည် ဇွန်လ ၁ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

၎င်းသည် ဇွန်လ ၁ရက် နံနက် ၈နာရီ၌ မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး နာနာဘာ၀ ရုပ်ရှင်ဇာတ်ကားကြီး နှင့် ပတ်သက်ပြီး သရုပ်ဆောင် ဗေလုဝ၊ ဒါရိုက်တာ ညီညီထွန်းလွင်၊ တွဲဖက်ဒါရိုက်တာ သြရသ တို့နှင့် တွေ့ဆုံကာ ကင်မရာ စမ်းသပ်မှုများ ပြုလုပ်မည် ဖြစ်သည်။

၎င်းသည် ဇွန် ၁ရက် (သို့) ၂ရက်တွင် ရွှေတိဂုံဘုရားသို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၂ရက် နေ့လည် ၂နာရီတွင် Novotel Hotel ၌ ကျင်းပမည့် Myanmar Media 7 ၏ အနုပညာလှုပ်ရှာမှုများ အသိပေးခြင်း အခမ်းအနားကို တက်ရောက်မည် ဖြစ်သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင်က "ရှေ့မှာ ရိုက်ခဲ့ဖူးတဲ့ ဘယ်လိုအချစ်မျိုးလဲ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ ထိုင်းမင်းသမီး ကရဗီ ရဲ့ အေဂျင်စီကပဲ မိတ်ဆက် ပေးတာပါ။ သူက မျက်နှာသစ် မော်ဒယ်တစ်ဦးလည်း ဖြစ်တယ်။ ဒီကားအတွက်လည်း အဆင်ပြေတာနဲ့ သူ့ကို ရွေးချယ်ဖြစ်တာ။ ဒီကားက သူ့အတွက် ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးလည်းဖြစ်ပါတယ်" ဟု ပြောသည်။

ထို ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် ၇ရက်တွင် စတင် ရိုက်ကူးသွားမည် ဖြစ်ပြီး ရန်ကုန်မြို့တွင် အဓိက ရိုက်ကူးမည် ဖြစ်ကာ ပုဂံတွင်လည်း သွားရောက် ရိုက်ကူးရန် စီစဉ်ထားသလို ဇာတ်ကားတွင် ပါဝင်မည့် ထိုင်းသရုပ်ဆောင် မင်းသမီးမှာလည်း ထိုင်းဘာသာ စကားဖြင့် သရုပ်ဆောင်မည်ဟု သိရသည်။ သရုပ်ဆောင် အကယ်ဒမီ ဗေလုဝကမူ မြန်မာ ဘာသာစကားဖြင့် သရုပ်ဆောင်မည် ဖြစ်ကာ မတူညီသည့် ဘာသာစကားများကြား ဖြစ်ပေါ်လာသည့် အလွဲများကို ရိုက်ကူး ပုံဖော်မည် ဖြစ်သည်။

ထိုင်း မော်ဒယ် သရုပ်ဆောင် Phatchara thabthong ၏ Nickname မှာ kapook ဖြစ်ပြီး ၎င်းသည် တက်သစ်စ မော်ဒယ်တစ်ဦး ဖြစ်ကာ ယခု ရိုက်ကူးမည့် နာနာဘာ၀ ရုပ်ရှင်ဇာတ်ကားကြီးသည် ၎င်းအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။

နာနာဘာ၀ ရုပ်ရှင် ဇာတ်ကားကြီး ကတော့ Myanmar Media 7 ကုမ္ပဏီ ၏ ငါးကားမြောက် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ရုံတင် ပြသနိုင်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required