ရခိုင်တွင် ငရုတ်စျေးကောင်းရရှိသော်လည်း တောင်သူများ အရှုံးပေါ်

ရခိုင်တွင် ငရုတ်စျေးကောင်းရရှိသော်လည်း တောင်သူများ အရှုံးပေါ်
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဈေးဆိုင်တစ်ဆိုင်ရှိ ဆိုးဆေးများပါသည့် ငြုပ်သီးမှုန့်များရောင်းချနေသည်ကို  တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

စစ်တွေ၊ မေ ၂၃ ရက် ။              ။ ရခိုင်ပြည်နယ်အတွင်း ယခုနှစ် ငရုတ်သီး ရိတ်သိမ်းချိန်တွင် ဈေးကောင်း ရရှိသော်လည်း တောင်သူအများစုတို့မှာ အရှုံးပေါ်နေကြကြောင်း သိရသည်။

ငရုတ်သီးဈေးများ ကျဆင်းနေခဲ့သည်မှာ ၃-၄ နှစ်ခန့် ရှိပြီဖြစ်ကာ ယခုနှစ်တွင် ငရုတ်သီးတစ်ပိဿာလျှင် ၃၄၀၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ယခင်နှစ်က ငရုတ်သီးရိတ်သိမ်းချိန်တွင် တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ကျော်အထိသာ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ငရုတ်သီးဈေးများ ကျဆင်းနေခဲ့ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း ပြည်မဘက်မှ ထွက်ရှိသည့် ငရုတ်သီးများ ဝင်ရောက်လာနေခြင်းကြောင့်ဟု ငရုတ်သီးစိုက်ပျိုးတောင်သူများကပြောသည်။

“ငရုတ်သီးကတော့ ဒီနှစ်မှာ ဈေးနည်းနည်းကောင်းပါတယ်။ အရင်နှစ်တွေကတော့ ဒီနှစ်လောက်မရဘူး။ တစ်ပိဿာကို နှစ်ထောင်ကျော်လောက်ပဲရတယ်။ အခုတော့ ၃၄၀၀ အထိ ဈေးပေါက်နေပါတယ်။ ဒီနှစ်ကအထွက်လည်း ကောင်းတယ်။ တစ်ဧကကို တောင်းနှစ်ရာလောက်ထိ ထွက်ပါတယ်။ ဈေးကောင်းရပေမယ့် လုပ်သားခတွေက ဈေးကြီးပေးပြီးတော့ ခိုင်းရတဲ့အတွက် အမြတ်တော့ သိပ်မကျန်ဘူး။ ရှုံးတဲ့ သဘောရှိပါတယ်။ "ဟု မြောက်ဦးမြို့နယ်မှ ငရုတ်စိုက်တောင်သူ ဦးထွန်းအေးက မဇ္ဈိမကို ပြောသည်။

ဒေသထွက်ငရုတ်သီးများ ဈေးကောင်းမရရှိခြင်းမှာ ရခိုင်ပြည်နယ်အတွင်းသို့ တခြားဒေသထွက် ငရုတ်သီးများ ဝင်ရောက်လာပြီး ဈေးနှုန်းသက်သာသည့်အတွက် ဒေသထွက်ငရုတ်သီးများကို ဝယ်ယူစားသုံးသူ နည်းပါးလာနေသဖြင့် ငရုတ်စိုက်ပျိုးတောင်သူများမှာ နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်နေခြင်းဖြစ်ကြောင်းနှင့် ငရုတ်သီးခြောက်လှောင်လက်များမှာလည်း ငရုတ်သီးစိမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနေကြသည့်အတွက် အရှုံးနှင့် ရင်ဆိုင်နေကြရသောကြောင့် ဒေသထွက်ငရုတ်သီးများအား သိုလှောင်သူနည်းပါးခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ ငရုတ်သီးခြောက် ကုန်ရုံပိုင်ရှင်များက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ငရုတ်သီးစိုက်ခင်းများမှာ ယခင်နှစ်က မိုးကြီးရေလျှံဖြစ်ပွားခဲ့သည့် အတွက် နှုန်းမြေများတင်ကျန်ခဲ့သောကြောင့် ထွက်နှုန်းများတိုးပြီး ဈေးကောင်းလည်းရရှိကာ သိုလှောင်သူများ အနေဖြင့်လည်း မိုးနှောင်းပိုင်းကာလတွင် ငရုတ်သီးဈေးကောင်း ရရှိလာမည်ကို မျှော်လင့်နေကြကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly