ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ် ကိုပါအမေရိက အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေ

ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ် ကိုပါအမေရိက အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေ

မေ ၂၄၊ စပိန် ။            ။ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ကိုပါဒယ်ရေးဗိုလ်လုပွဲစဉ်တွင် တိုက်စစ်မှူးဆွာရက်ဇ်သည် တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့သည့်အတွက် ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ထိုပွဲစဉ်တွင် ဆွာရက်ဇ်သည် ပွဲချိန် ၅၆ မိနစ်၌ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး ထော့နင်းထော့နင်းဖြင့် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ရသည်။ ထို့နောက်တွင် ရာဖင်ဟာနှင့် လူစားလဲခဲ့ရသည်။

ပွဲအပြီးတွင် ဆွာရက်ဇ်မှာ အသင်းဖော်များနှင့်အတူ အောင်ပွဲခံရန် ကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သော်လည်း ဆေးစစ်ချက်များအရ ညာဘက်တံကောက်ကြောတွင် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဘာစီလိုနာအသင်းက အတည်ပြုခဲ့သည်။

ပုံမှန်ဆိုလျှင် တံကောက်ကြောဒဏ်ရာမှာ သုံးပတ်မှ ခြောက်ပတ်အထိ အနားယူရလေ့ရှိသောကြောင့် ဆွာရက်ဇ်မှာ ဇွန်လ ၆ ရက်နေ့တွင် ကစားရမည့် မက္ကဆီကိုနှင့် ကိုပါအမေရိကဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေခြင်း ဖြစ်သည်။ လက်ရှိတွင် ဒဏ်ရာရနေသော်လည်း ဆွာရက်ဇ်မှာ ဇွန်လ ၁ ရက်နေ့တွင် ဥရုဂွေးအသင်းနှင့် သွားရောက် ပူးပေါင်းမည် ဖြစ်သည်။

ယခုနှစ်ရာသီတွင် ဘာစီလိုနာအသင်းအတွက် ဂိုး ၄၀ အထိသွင်းယူပေးထားသည့် ဆွာရက်ဇ်သည် ဥရုဂွေးအသင်းအတွက်လည်း ၈၅ ပွဲတွင် ၄၅ ဂိုးအထိသွင်းယူပေးထားသူဖြစ်သည်။ ဥရုဂွေးအသင်း၏သမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသော ဆွာရက်ဇ်မပါဝင်နိုင်ပါက နည်းပြတာဘာရက်စ်၏အသင်းအတွက် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်လာမည် ဖြစ်သည်။

ဥရုဂွေးအသင်းသည် ဇွန်လ ၁၀ ရက်နေ့တွင် ဗင်နီဇွဲလား၊ ဇွန်လ ၁၄ ရက်နေ့တွင် ဂျမေကာအသင်းတို့နှင့် ဆက်လက်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly