ဖားကန့်တွင် ရာအိမ်မှူးအမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

ဖားကန့်တွင် ရာအိမ်မှူးအမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

ချင်းမိုင်၊ မေ ၂၃ ။  ။ ဖားကန့်တွင် ရာအိမ်မှူး အမျိုးသမီး သေနတ်သမား နှစ်ဦး၏ ပစ်ခတ် အသတ်ခံရမှုကို ဖားကန့်ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လုံးခင်း စခန်းမှူးက ပြောသည်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ မှော်ရှန်ရပ်ကွက်က အသက် ၄၀အရွယ် ရာအိမ်မှူး ဒေါ်နန္ဒလှိုင်းကို မေ ၂၂ရက် ညနေ ၅နာရီခန့်က အမည်မသိ သေနတ်သမား နှစ်ဦးက ခြောက်ချက် ပစ်ခတ်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

"တိတိကျကျတော့ မသိဘူး။ ရာအိမ်မှူးတစ်ယောက် သေနပ်နဲ့ ၆ ချက် အပစ်ခံရတယ်ဆိုတာလောက်ပဲ သိတယ်” ဟု ၎င်းက ပြောသည်။ 

ဒေါ်နန္ဒာလှိုင် အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံကို မသိသေးပေ။ 

“ကျနော်တို့ သိသလောက် ကေအိုင်အိုဘက်ကို မေးမြန်းစုံစမ်းကြည့်တော့ သူတို့ ကေအိုင်အိုမှာ အဲဒီလို ပစ်သတ်တဲ့ ပေါ်လစီမရှိဘူးလို့ ပြောတယ်။ ကျနော်တို့က သူသေတဲ့နောက်ပိုင်းမှ သူက ရာအိမ်မှူးဖြစ်တယ်ဆိုတာ သိရတယ်”ဟု ဖားကန့်ဒေသခံ ဦးဂျာလက မဇ္ဈိမကိုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က လက်ရှိ ဖားကန့်မြို့နယ်တွင် စစ်တပ်မှ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် လိုလားနေသည်ဟု ပြောသည်။ 

“စစ်တပ်ကနေပြီးတော့ အဲဒီဖားကန့်မှာ ဝမ်ဖိုးဖိုး (၁၄၄ ပုဒ်မ) ညမထွက်ရအမိန့် ထုတ်ချင်နေတယ်။ အဲဒီ 144 ထုတ်ဖို့ကို ကချင်ပြည်နယ် လွှတ်တော်မှာလည်း ဆွေးနွေးတဲ့အချိန်ကြတော့ ပိတ်လိုက်တယ်လေ။ အဲဒါ သိပ်ထုတ်ချင်နေတယ်။ အဲတော့ မတည်မငြိမ်အောင်ပဲ သူတို့က လုပ်နေလားတော့ မသိပါဘူး”ဟု ဦးခင်မောင်မြင့်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။ 

ဒေါ်နန္ဒာလှိုင်သည် အစိုးရသစ်လက်ထက်တွင် ရာအိမ်မှူးအဖြစ် ရွေးကောက်တင်မြောက်ခံထားရသူ ဖြစ်သည်။

၎င်းသည် ရန်ကုန်ဘက်မှ ဖားကန့်တွင် အခြေချနေသည်မှာ ကြာပြီဖြစ်သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်ယူခြင်းသည် လပိုင်းသာ ရှိသေးသည်။ ၎င်းက ဆိုင်းတောင် အထက်တန်းကျောင်း မိဘ ဆရာအသင်း ကော်မတီဝင်လည်း ဖြစ်ပြီး ရပ်ရေးရွာရေး လူမှုကူညီရေးလုပ်ငန်းတွင် တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ကြောင်း ဆိပ်မူကျေးရွာမှ NLD ပါတီ ဥက္ကဌ ဦးရွှေသိန်းက ဒီဗွီဘီသတင်းဌာနသို့ ပြောဆိုထားသည်။

ဖားကန့်ဒေသတွင် မေလ ၁၀ ရက်နေ့မှစတင်၍ မြန်မာတပ်မတော်နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့နှင့် ကချင်လွတ် လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေး ယခုထိ တင်းမာနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required