အာဂျင်တီးနားအသင်းနှင့်အတူ အဓိကဆုဖလား လွဲချော်ခဲ့ရပြန်သည့် မက်ဆီ

အာဂျင်တီးနားအသင်းနှင့်အတူ အဓိကဆုဖလား လွဲချော်ခဲ့ရပြန်သည့် မက်ဆီ

၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အိမ်ရှင် ချီလီအသင်းနှင့် အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ချီလီအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။

ချီလီအသင်းမှာ ပထမဆုံးချန်ပီယံဆုရရန် အစွမ်းကုန်ကြိုးပမ်းခဲ့သလို အာဂျင်တီးနားအသင်းကလည်း ၂၂ ကြာဝေးကွာနေသည့် ကိုပါဖလားကို ရရှိရန် အားကုန်ထုတ်ကစားခဲ့သည်။ ထို့ကြောင့် ပွဲမှာ ပွဲကောင်းတစ်ပွဲ၊ ပွဲကြမ်းတစ်ပွဲ ဖြစ်ခဲ့သည်။ နှစ်သင်းစလုံးအခွင့်အရေးများ ရရှိခဲ့ကြသော်လည်း အချိန်ပိုပြီးဆုံးသည်အထိ မည်သူမှ ဂိုးမသွင်းနိုင်ကြသည့်အတွက် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာတွင် ချီလီအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ချီလီအသင်းအတွက်ဂိုးများကို ဖာနန်ဒက်ဇ်၊ ဗီဒယ်၊ အာရန်ဂွက်ဇ်နှင့် ဆန်းချက်ဇ်တို့က သွင်းယူပေးခဲ့ပြီး အာဂျင်တီးနားအတွက် မက်ဆီတစ်ဦးသာ ဂိုးဝင်အောင်သွင်းနိုင်ခဲ့သည်။ ဟီဂူအင်နှင့် ဘာနီဂါတို့ ဝင်အောင်မသွင်းနိုင်သဖြင့် ချီလီတို့ သမိုင်းအသစ် ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုပွဲအရှုံးကြောင့် မက်ဆီသည် အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့် အဓိကဆုဖလားရယူနိုင်ခြင်း မရှိသည့် မှတ်တမ်းမှာ ဆက်လက်တည်ရှိသွားခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို လေးကြိမ် ရရှိထားသည့် မက်ဆီသည် အာဂျင်တီးနားအတွက် ယူ-၂၀ ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့ပြီး ၂၀၀၈ ပေကျင်းအိုလံလစ်တွင်လည်း ရွှေတံဆိပ်ဆု ရယူပေးခဲ့သည်။ သို့သော် အာဂျင်တီးနား လက်ရွေးစင်အသင်းကြီးနှင့်မူ ယခုအချိန်အထိ ဆုဖလားရယူနိုင်ခြင်း မရှိသေးပေ။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသလို ယခု ၂၀၁၅ ကိုပါအမေရိကပြိုင်ပွဲတွင်လည်း ဒုတိယသာ ရခဲ့သည့်အတွက် မက်ဆီမှာ အဓိက ဆုဖလားရယူနိုင်ရန် ၂၀၁၈ ရုရှ ကမ္ဘာ့ဖလားအထိ စောင့်ရတော့မည် ဖြစ်သည်။ ထိုအချိန်တွင် မက်ဆီ၏ အသက်မှာ ၃၁ နှစ်သို့ ရောက်ရှိနေမည် ဖြစ်သည်။

မက်ဆီအနေဖြင့် အာဂျင်တီးနားအသင်းအတွက် အဓိက ဆုဖလားရယူပေးနိုင်ခြင်း မရှိသော်လည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆိုသည့် ဂုဏ်မှာ ကျဆင်းသွားမည် မဟုတ်ကြောင်း ချီလီအသင်းနည်းပြ ဆမ်ပါအိုလီက ပြောသည်။

မက်ဆီသည် ယခုကိုပါအမေရိကဖလားပြိုင်ပွဲတွင် ပြိုင်ပွဲအစ၌ ကောင်းစွာ ခြေစွမ်းပြနိုင်ခြင်း မရှိသော်လည်း တစ်ပွဲထက် တစ်ပွဲ ပိုမိုကောင်းမွန်လာခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သည်။ အချက်အလက်များအရ မက်ဆီ၏ စွမ်းဆောင်ရည်မှာ ၈၇ ရာခိုင်နှုန်းကျော် ကောင်းမွန်ခဲ့သည်။ သို့သော် မက်ဆီသည် ယခုပြိုင်ပွဲတွင် အဆုံးအဖြတ် ပင်နယ်တီ နှစ်ဂိုးသာ သွင်းနိုင်ခဲ့ပြီး ပွဲချိန်အတွင်း တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

Ref : yahoo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly