တရုတ်သို့ ရောင်းစားခံရသည့် မြစ်ကြီးနားမှ အမျိုးသမီး ပြန်ခေါ်ရန် နှစ်နိုင်ငံ ပူးပေါင်းမည်၊ လူကုန်ကူးသူကို ဖမ်းမိရန်လည်း ဆောင်ရွက်နေ

တရုတ်သို့ ရောင်းစားခံရသည့် မြစ်ကြီးနားမှ အမျိုးသမီး ပြန်ခေါ်ရန် နှစ်နိုင်ငံ ပူးပေါင်းမည်၊ လူကုန်ကူးသူကို ဖမ်းမိရန်လည်း ဆောင်ရွက်နေ

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်က မြစ်ကြီးနားမြို့မှ တရုတ်ပြည်သို့ လူကုန်ကူးခံရသည့် အမျိုးသမီး တစ်ဦးကို ပြန်ခေါ်နိုင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် လူကုန်ကူးသူ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းမိနိုင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည်ဟု  မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးဌာနမှ ဒုရဲမှူး မင်းနိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “သုံးယောက်ကိုတော့ မိသွားပြီ။ တရုတ်ပြည်ဘက်က တရားခံ တစ်ယောက်ကတော့ ကျန်သေးတယ်။ လူ ကုန်ကူးခံထားရတဲ့ သူကလည်း မရသေးဘူး။ ယွမ်ငွေ ၂ သောင်းနဲ့ ရောင်းစား ခံရတော့ အဲဒါကို မပေးနိုင်တော့ ပြန်ခေါ်လို့ မရသေးဘူး။ နောက် လူကုန်ကူးခံရတဲ့သူရော၊ တရားခံ ကိုရော မိအောင်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတယ်" ဟု ပြောသည်။

လူကုန်ကူးသူ လေးဦးအနက် သုံးဦးကို ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံအတွင်း လွတ်မြောက်နေ သည့် တရားခံတစ်ဦးကို ဖမ်းဆီးရမိရန် မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများတွင် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ဒုရဲမှူး မင်းနိုင်က မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့နေ အသက် ၂၅ နှစ်ခန့် အရွယ်ရှိ မလှလှ(အမည်လွှဲ)ကို တရုတ်နိုင်ငံရှိ အထပ်သား စက်ရုံတွင် တစ်လ လုပ်အားခ မြန်မာငွေ ကျပ် ငါးသိန်းရမည်ဟု ဆိုပြီး အမျိုးသမီး လေးဦးက ခေါ်ဆောင်သွားခြင်း ဖြစ်ကာ ယင်းနောက် တရုတ်နိုင်ငံရှိ ကျေးရွာတစ်ခုတွင် တရုတ် အမျိုးသားတစ်ဦးကို လက်ထပ်ယူရန် ယွမ် နှစ်သောင်းဖြင့် ရောင်းစားခဲ့ခြင်း ဖြစ်သည်ဟု မြစ်ကြီးနား ရဲစခန်းမှ ရဲအုပ် နေမျိုးခန့်က မဇ္ဈိမကို ပြောသည်။ 

ရဲအုပ် နေမျိုးခန့်က “တရုတ်နိုင်ငံမှာ ကောင်မလေးကို ရောင်းစားအပြီး မြန်မာနိုင်ငံကို အဝင်မှာ နယ်မြေ သတင်းစုံစမ်းရေးအဖွဲ့က သတင်းရရှိလို့ မိခင်ဖြစ်သူကို အသေးစိတ် မေးမြန်းခဲ့တာ မှန်ကန် တာကြောင့် ဖမ်းဆီးရမိခဲ့တာပါ။ တရုတ်လူမျိုး လက်ထဲကို သွေးဆောင်ဖျားယောင်းပြီး ရောင်းစားတာ ကြောင့် လူကုန်ကူးမှု ပုဒ်မ ၂၄၊ ၃၂ နဲ့ ငြိစွန်းတာကြောင့် မြစ်ကြီးနား ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ပြောသည်။

အဆိုပါ လူကုန်ကူးမှုအတွက် မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ ရဲအုပ်မင်းအောင်က တရားလိုပြု ကာ မဂျာအောင်၊ မယမင်းစိုး၊ မဇာဇာမိုးတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/ ၃၂  ဖြင့် ဇူလိုင် ၁ ရက်တွင် အမှုဖွင့်အရေးယူထားသည်ဟုလည်း ၎င်းက ပြောသည်။ 

ယင်းအပြင် တရုတ်ပြည်တွင် လွတ်မြောက်သွားသည့် မအားရွယ်(ခ) အာကိုင် ဆိုသည့် အမျိုးသမီးကိုလည်း ဆက်လက်စုံစမ်းနေသည်ဟု ၎င်းက ပြောသည်။
၂၀၁၅ ခုနှစ်၊ နှစ်စမှစ၍ ဇွန်လအထိ ခြောက်လအတွင်း လူကုန်ကူးခံရသူဦးရေ ၂၀၀ ရှိပြီး ၁၆၄ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟုလည်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးဌာနထံမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly