သမဝါယမကဏ္ဍတွင် အတိတ်က အမှားများကို သင်ခန်းစာယူရန် ဒု-သမ္မတ ဦးဉာဏ်ထွန်း တိုက်တွန်း

သမဝါယမကဏ္ဍတွင် အတိတ်က အမှားများကို သင်ခန်းစာယူရန် ဒု-သမ္မတ ဦးဉာဏ်ထွန်း တိုက်တွန်း

ယခင်အစိုးရ အဆက်ဆက်က သမဝါယမကဏ္ဍ၏ လွဲမှားမှုများကို သင်ခန်းစာယူပြီး ပြုပြင်သွားကြရန် ဒုတိယ သမ္မတဖြစ်သူ ဦးဉာဏ်ထွန်းက နေပြည်တော်ရှိ သမဝါယမဝန်ကြီးဌာနတွင် ဇူလိုင် ၄ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားတွင် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် သမဝါယမ အခြေခံသဘောတရားများကို လိုက်နာခြင်း မပြုကြဘဲ မည်ကာမတ္တ သမဝါယမအသင်းများ ဖွဲ့စည်းခဲ့ကြကြောင်း၊ ပြည်သူများ၏ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့် အရည်အသွေးမီ ဝန်ဆောင်မှုများ ပေးနိုင်စွမ်းမရှိဘဲ အရေအတွက်အရသာ ဆောင်ရွက်ခဲ့ကြကြောင်း ဦးဉာဏ်ထွန်းက ပြောသည်။

၎င်းက “သမဝါယမ ကဏ္ဍအပေါ် လူထုရဲ့ အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့တဲ့ အတိတ်က အမှားတွေကို သင်ခန်းစာယူ ပြုပြင်သွားရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သမဝါယမဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြသူများမှာ ၁၉၅၀ ပြည့်နှစ်တွင် စတင်တာဝန်ယူခဲ့သည့် ဝန်ကြီး ဦးကျော်ငြိမ်းမှသည် ဦးစိန်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးချစ်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ရဲကျော်၊ ဗိုလ်ချုပ်မြလင်း၊ ဦးသန်းအောင်၊ ဦးအောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ငွေ၊ ဗိုလ်ချုပ် ဌေးဦး၊ ဗိုလ်မှူးကြီး ဇော်မင်း၊ ဦးတင်ထွတ်နှင့် ဦးအုန်းမြင့်တို့ ဖြစ်သည်။

လက်ရှိတွင်မူ သမဝါယမ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကျော်ဆန်းနှင့် ဒုတိယဝန်ကြီးအဖြစ် ဦးသန်းထွန်းတို့က တာဝန်ယူထားသည်။ 
လက်ရှိအချိန်တွင် သမဝါယမ ဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် သမဝါယမ အသင်းသားများကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ၁ ကျပ် ၁၅ ပြားဖြင့် ပြန်လည်ထုတ်ချေး ပေးလျက်ရှိသည်။

ယနေ့ထိ သမဝါယမ အသင်းဝင် မိသားစုပေါင်း နှစ်သန်းကျော်ကို ကျပ်သန်းပေါင်း နှစ်သိန်းကျော် ထုတ်ချေးထားသည်ဟု ဝန်ကြီးဦးကျော်ဆန်းက အခမ်းအနားတွင် ပြောသည်။

ထို့ပြင် လယ်သမားများကိုလည်း လယ်ယာသုံး၊ လုပ်ငန်းသုံးစက်ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချလျက်ရှိရာ လက်ရှိတွင် အစီးရေ ၁၆,၆၇၀ စီး ရောင်းချထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကမူ အရစ်ကျ စနစ်ဖြင့် ရောင်းချနေသည့် လယ်ယာသုံးစက် ပစ္စည်းများမှာ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရပြီး အတိုးနှုန်းမြှင့်ပြီး ငွေချေးမည်ကို စိုးရိမ်သည်ဟု ထောက်ပြပြောဆိုသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံကို ဒေါ်လာငွေနှင့် ပြန်ဆပ်ရ မည်ဖြစ်သည့်အတွက် မြင့်တက်နေသည့် ဒေါ်လာဈေးနှုန်းပေါ် မူတည်ပြီး အတိုးနှုန်းမြှင့်မည်ကို စိုးရိမ်ခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။  

ဒေါ်ခင်စန်းလှိုင်က “သမဝါယမ ဝန်ကြီးဌာနရဲ့ လောလောဆယ် ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေ ကတော့ သူတို့ မျှော်မှန်းသလောက် ပြည်သူတွေအတွက် အကျိုးမရှိတာကို လက်တွေ့မြင်နေရတယ်” ဟု မဇ္ဈိမကို ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly