ကစားသမားသစ် သုံးလေးဦးခန့် ၀ယ်ယူမည်ဟု လက်စတာအသင်း ဒုဥက္ကဋ္ဌ ပြော

ကစားသမားသစ် သုံးလေးဦးခန့် ၀ယ်ယူမည်ဟု လက်စတာအသင်း ဒုဥက္ကဋ္ဌ ပြော

မေ ၂၀၊ ဘန်ကောက် ။             ။ လာမည့်ရာသီသစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ကစားသမားသစ် သုံးလေးဦးခန့် ခေါ်ယူသွားမည် ဖြစ်ကြောင်း လက်စတာအသင်း၏ ဒုတိယဥက္ကဋ္ဌ အီရာဝက် ဆရီဗက်ဟာနာပရက်ဟာက ပြောဆိုလိုက်သည်။

လက်စတာအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သောကြောင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်မှစတင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ လာမည့်နွေရာသီတွင်လည်း အင်တာနေရှင်နယ်ချန်ပီယံဖလားပြိုင်ပွဲကို ကစားရမည်ဖြစ်ပြီး အက်ဖ်အေဖလားချန်ပီယံနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်ကိုလည်း ကစားရမည် ဖြစ်သည်။

ဘန်ကောက်သို့ လက်စတာအသင်းနှင့်အတူ ရောက်ရှိနေသည့် အီရာဝက်က 'လက်ရှိအသင်းကို ကျေနပ်အားရမှုရှိပါတယ်။ ဒါပေမဲ့ ရာသီသစ်မှာ ကျွန်တော်တို့ ပြိုင်ပွဲတွေအများကြီးကစားရဖို့ ရှိနေပါတယ်။

ကစားသမာအချို့ကို ခေါ်ယူမှာပါ။ သုံးယောက်၊ လေးယောက်လောက် ခေါ်ဖို့ ရှိပါတယ်။ ကင်းထောက်တွေနဲ့ မန်နေဂျာက ဒီထက်ပိုခေါ်ရင်လည်း ကျွန်တော်ပယ်ချမှာမဟုတ်ပါဘူး။ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားတွေခေါ်ယူဖို့ သူတို့မှာ ထူးခြားတဲ့ အမြင်ရှိပါတယ်' ဟု  ပြောသည်။

လက်စတာနည်းပြ ရာနီရေရီကလည်း သူနှင့်အသင်းတာဝန်ရှိသူများသည် လက်စတာအသင်း၏စိတ်ဓာတ်နှင့် ကိုက်ညီသည့်ကစားသမားကိုသာ ခေါ်ယူမည်ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly