ဘယ်လိုအစိုးရ လိုချင်တာလဲ

ဘယ်လိုအစိုးရ လိုချင်တာလဲ
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ် မြို့ဦးစေတီအနီးရှိ ဘောလုံးကွင်းတွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံး ဟောပြောပွဲမြင်ကွင်းအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မဲဆွယ်စည်းရုံး ဟောပြောပွဲသို့ အနုပညာရှင်များနှင့် ရပ်နီးရပ်ဝေးပရိသတ်များ ခန့်မှန်းလူဦးရေ သိန်းချီ လာရောက်အားပေးခဲ့ကြသည်။

မြန်မာပြည်သူများ မျက်မှောက်ကာလ ရရှိထားသော အင်န်အယ်လ်ဒီအစိုးရသည် ကံကောင်း လွန်းသဖြင့် ရရှိထားခြင်းဖြစ်သည်။ ကံကို အလုပ်ဟု အဓိပ္ပာယ်ဖွင့်ဆိုပါက မဲဆန္ဒရှင် ပြည်သူတရပ် လုံး၏ အလုပ်မှန် အလုပ်ကောင်း အလုပ်ပေါင်းစုံမိသဖြင့် ကွက်တိကျပြီး၊ ၈၀ ရာခိုင်နှုန်းဖြင့် အပြတ် အသတ် အင်န်အယ်လ်ဒီ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်
အင်န်အယ်လ်ဒီ သောင်ပြိုကမ်းပြို နိုင်ခဲ့ပါသည်၊ ယင်းအောင်ပွဲသည် အင်န်အယ်လ်ဒီ၏ အောင်ပွဲသက် သက် မဟုတ်ဘဲ လူထုအောင်ပွဲ ဖြစ်သည်။

မြန်မာပြည်သူများသည် ဗြိတိသျှ ကိုလိုနီထံမှ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ကို လက်ဆောင်ရရှိခဲ့သည်။ ယနေ့ထက်တိုင် ပြည်တွင်းစစ်မှာ ရှင်သန်နေဆဲဖြစ်ပြီး၊ တိုက်ပွဲများဖြစ်ပွား ကာ စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူများ ဒုက္ခများလျက်ရှိသေးသည်။ ၁၉၆၂ မတ် ၂ မှ စတင်ပြီး ဒီမိုကရေစီနုနုသည် သက်တမ်းကုန်သွားပြီး စစ်အာဏာရှင်များက   တိုင်းပြည်ကို မောင်ပိုင်စီးလိုက်ကြ သည်။

နှစ်ပေါင်း ၅၀ ကျော်ကြာ မြန်မာပြည်သူများသည် စစ်အစိုးရ အဆက်ဆက်အောက်တွင် ပိပြား ငြိမ်ဝပ်စွာဖြင့် ရှင်သန်နေထိုင်ခဲ့ရသည်။ ယခုတော့ဖြင့် ကံအကြောင်းလှသဖြင့် ပြည်သူများသည် အင်န်အယ်လ်ဒီအစိုးရနှင့် အင်န်အယ်လ်ဒီလွှတ်တော်များကို ရရှိပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ အင်န်အယ်လ် ဒီသည် လူထုပါတီဖြစ်ပြီး ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံကြီးမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ အင်န်အယ်လ်ဒီသည် လူထုနှင့် မကွေမကွာ ကိုယ်စားပြုပြီး ရုန်းကန်ရှင်သန် ရပ်တည်ခဲ့ သဖြင့် လူထု၏ ထောက်ခံမှုကို မပြတ်တမ်း ရရှိခဲ့သည်။

အင်န်အယ်လ်ဒီကို လူထုက မပြတ်တမ်း ထောက်ခံကြသည်မှာ လူထုခေါင်းဆောင်၊ ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်သည်။ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်အတွက် တာဝန်သိသိဖြင့် ရွက်ဆောင်ကြိုးပမ်းသူကို ပြည်သူအများက အသိအမှတ်ပြု ထောက်ခံအားပေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အဆင့်အတန်းမီ ခေါင်းဆောင်မျိုး လည်း ဖြစ်သဖြင့် သူ၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံသည် နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အ လယ်တွင် ရှိသင့်ရှိထိုက်သော နေရာအဆင့်အတန်းသို့ ပြန်လည် ရောက်နိုင်ဖွယ်ရှိသည်ဟု ယုံကြည်ရသည်။

အင်န်အယ်လ်ဒီလွှတ်တော်များသည် ရက်ပေါင်း ၁၁၀ ခန့် ရှိလာချိန်တွင် အလွန်ကို ခရီး ရောက်လျှက်ရှိသည်။ စစ်အစိုးရအဆက်ဆက်နှင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြဋ္ဌာန်း ခဲ့သော လူထုကို အကျိုးမပြုဘဲ ဖိနှိပ်ထားသော ဥပဒေအများကို ပြင်ဆင်၊ ပယ်ဖျက်၊ ရုပ်သိမ်း၊
အသစ်ရေးဆွဲခြင်းများကို ပြုလုပ်လျှက်ရှိသည်။ အသစ်ပြန်လည်ရေးဆွဲထားသော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း (ငြိမ်းစုစီ) ဆိုင်ရာ ဥပဒေကြမ်းကို မေ ၁၉ အမျိုးသားလွှတ်တော်တွင် အင်န်အယ်လ်ဒီ လွှတ်တော်အမတ်များက ဆွေးနွေးသွားကြသည်မှာ သဘောကျစရာ ဖြစ်သည်။

အင်န်အယ်လ်ဒီအစိုးရသည် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ၊ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ စီမံချက်၊ ဂုဏ်သိက္ခာရှိသော နိုင်ငံတကာဆက်ဆံရေးကို ကမ္ဘာ့နိုင်ငံများ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်နိုင်ရေး စသည်ဖြင့် အားမာန်အပြည့်သုံးကာ ဆက်တိုက်ဆိုသလို ကြိုးပမ်း ဖော်ဆောင်လျှက်ရှိသည်။ တဖက်တွင်လည်း ကျောင်းသားများ၊ အလုပ်သမားများနှင့် လယ်သိမ်းခံ တောင်သူများက ၎င်းတို့၏ အခွင့်အရေးများကို တောင်းဆို တိုက်ပွဲဝင်လျှက်ရှိရာ အင်န် အယ်လ်ဒီအစိုးရမှာ စောင့်ကြည့် ဖြေရှင်းနေရသည်။

နေပြည်တော်သို့ ချီတက်လာကြသည့် စစ်ကိုင်း အလုပ်သမားသပိတ်တွင် အလုပ်သမား ဝန်ကြီးကိုယ်တိုင် ပါဝင်ဖြေရှင်းပေးခဲ့သည်၊ ယခင်စစ်အစိုးရ ခေတ်အဆက်ဆက်နှင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် မတွေ့ခဲ့ရသော ဖြေရှင်းပုံ အခင်းအကျင်းမျိုး ဖြစ်ပါသည်။ အင်န်အယ်လ်ဒီ အစိုးရသည် လူထုအစိုးရ ဖြစ်သည်နှင့်အညီ လူထု၏ လိုအင်များကို ဖြည့်စွမ်းပေးရမည်သာ ဖြစ်သည်။ တဖြည်းဖြည်းချင်း ဖြည့်စွမ်းနေသည်ကိုလည်း တွေ့ရပါသည်။ သို့သော် တိုင်းရင်းသား ပြည်သူအများ၏ လိုအင်များမှာ ကြီးမား များပြားနေလေသည်။

နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း သို့မဟုတ် တသက်မှတခါ ရရှိထားသော အင်န်အယ်လ်ဒီ အစိုးရကို မူလကတည်းက ထောက်ခံအားပေးခဲ့သော မဲဆန္ဒရှင် ပြည်သူအများသည် ဆက်လက် ထောက်ခံအားပေးနိုင်ရေးမှာ အလွန်အရေးကြီးသည်။ ပြဿနာပေါင်းစုံကို မည်သည့်အစိုးရကမှ တပြိုင်နက်တည်း ကိုင်တွယ်နိုင်မည် မဟုတ်ပါ။ အရေးတကြီး ကိုင်တွယ်ရမည်များကို တိုင်းပြည်နှင့် လူထုအကျိုးအတွက် လျင်လျင်မြန်မြန် ကိုင်တွယ်ဆောင်ရွက်ရန်မှာ ပဓာနကျသည်။ အင်န်အယ်လ်ဒီ အစိုးရ သက်တမ်းမှာလည်း ရက်ပေါင်း ၅၀ သာ ရှိသေးသည်။ အင်န်အယ်လ်ဒီကို အားမရဟုဆိုလျှင်
မည်သို့သော အစိုးရမျိုးကို ထိုထိုပုဂ္ဂိုလ်များက လိုချင်ကြသနည်းဟု မဇ္ဈိမက စောကြောလိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required