မူလအခြေအနေ ပျက်ယွင်းသွားတဲ့ ကချင် ကျောက်စိမ်းမြေ

မူလအခြေအနေ ပျက်ယွင်းသွားတဲ့ ကချင် ကျောက်စိမ်းမြေ

ဖားကန့်ဒေသ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်နေပါတယ်။

ဖားကန့် (Myanmar Now) ။                  ။ မြန်မာပြည်ရဲ့ အကြီးဆုံး ကျောက်စိမ်းတွင်းတည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ဝန်းကျင်မှာ သစ်တောများကို အပြောင်ရှင်းပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို ဧရာမယန္တရားမျိုးစုံနဲ့ လုပ်ကိုင်နေပါတယ်။

ဒေသခံတွေရဲ့ မျက်စေ့အောက်ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ မြင့်မြင့်မားမား တောင်ကုန်းကြီးတွေဟာ ဟိုနားဒီနားမှာ မြေစာပုံတွေအဖြစ် ဘဝပြောင်းသွားကြပါပြီ။

အိမ်ခြေ ၂ဝဝ ကျော်ရှိတဲ့ သာယာကုန်းရွာဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေကို ဦးစားပေးရတာကြောင့် ပြီးခဲ့တဲ့ ဆယ်နှစ်လောက်ကရွာကို နေရာရွှေ့ပေးခဲ့ရတယ်၊ အခုတော့ ကျောက်မိုင်းတွေက ရွာဘေးရောက်လာပြန်ပြီလို့ ဒေသခံတစ်ယောက်ဖြစ်တဲ့ ဒေါ်ကိုင်ယင်းက ပြောပါတယ်။

“ပေါင်မုန့်ကို ဓားနဲ့ ပတ်ပတ်လည် လိုက်လှီးထားသလို(တောင်တွေ) အတုံးလိုက်ကြီး ထောင်နေတဲ့နေရာမှာ ကျွန်မတို့ နေနေကြရတာ။ ဘယ်အချိန်ပြိုမလဲကို စောင့်နေကြရသလိုပဲ” လို့ ဒေါ်ကိုင်ယင်းက ဆိုပါတယ်။

ရာအိမ်မှူးတစ်ယောက်ဖြစ်တဲ့ ဦးလမာတူးဂျာကတော့ ကမ်းပါးပြိုကျပြီး သူတို့ရွာ ချောက်ထဲကျ မြေမြှုပ်ခံရမယ့် အန္တရာယ် တွေ့ကြုံနေရပေမယ့် မြေပြန်ဖို့ပေးရေး၊ လုပ်ငန်းရပ်ဆိုင်းရေးအတွက်  ကုမ္ပဏီတွေကို တောင်းဆိုဖိအားပေးဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ “မနှစ်ကလည်း အိမ်ခြေ တော်တော်လေး ပြိုတယ်။ တအားပြောလို့လည်း မရဘူးလေ။ ကျွန်တော်တို့လည်း ကြောက်ရတာပဲ။ သူတို့က ကိုယ့်ထက် ဓနအခြေအနေ စွမ်းနေတာ” လို့ ဦးလမာတူးဂျာက ပြောပါတယ်။]

တူးဖော်ရေး လုပ်ငန်းကြီးတွေကြောင့် မြေစာပုံတောင်ကုန်းတွေ၊ ပေပေါင်းရာနဲ့ချီ နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းတွေ ပေါ်ပေါက်လာပြီး ကျေးရွာတွေဟာ မြေပြိုမှု၊ လူတွေကြောင့်ဖြစ်ပေါ်တဲ့ သဘာဝဘေး ဒဏ်တို့နဲ့ ရင်ဆိုင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ တောင်ကုန်းကြီးတွေလို ဖြစ်လာကြတဲ့  မြေစာ ပုံတွေဟာလည်း မကြာခဏ ပြိုကျနေတာကြောင့် လူသေဆုံးမှု အများအပြား ဖြစ်ပေါ်နေပါပြီ။

အစုလိုက်အပြုံလိုက် သေဆုံးမှု

လုံးခင်း၊ ဖားကန့်ရတနာမြေမှာ စွန့်ပစ်မြေနဲ့ ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲွမှု၊ စနစ်တကျ ကြီးကြပ်မှု အားနည်းလွန်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တစ်သုံးလုံးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာ ပုံမှာ ဒီနှစ်ရဲ့ ပထမငါးလအတွင်း ဖြစ်ပေါ်တဲ့ မြေပြိုမှုကြီးတွေမှာ သေဆုံးသူအရေအတွက် ၈ဝ ကျော် အနည်းဆုံး ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စိုင်းဂျာဘွန်ရွာ အထက်ဘက် တရားမဝင် တဲအိမ်ဆောက်နေထိုင် ကြသူတွေ၊ ဈေးသည်တွေ၊ ရေမဆေးကျောက် ရှာဖွေသူတွေ မြေစာပုံအောက် ရောက်သွားပါတယ်။ အဲဒီမြေစာပုံ ပြိုကျမှုဖြစ်ရပ်မှာ ရုပ်အလောင်းတစ်ရာကျော် ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူအရေအ တွက်ကတော့ နှစ်ရာဝန်းကျင် ရှိမယ်လို့ ဖားကန့်အခြေစိုက် လူမှုရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

၂ဝ၁၄ ခုနှစ် မိုးတွင်းကာလ မြယမုံလုပ်ကွက်မြေစာပုံ ပြိုကျမှုဖြစ်ရပ်မှာ သေဆုံးသူအရေအ တွက် တစ်ရာကျော်ပါတယ်။ မြေပြိုမှုကြောင့် သေဆုံးမှုနှုန်းဟာ ယခင်နှစ်တွေက ဆယ်ဂဏန်းသာ ရှိပေမယ့် ဒီဘက်နှစ်တွေမှာတော့ ရာဂဏန်းအထိ ဖြစ်လာပါပြီ။

စွန့်ပစ်မြေစာပုံတွေ ကျစ်လျစ်သွားအောင် ပြန်မကြိတ်ကြတဲ့အတွက် အလွယ်တကူ ပြိုကျ လွယ်တယ်၊ တူးဖော်ရေးလုပ်ငန်းတချို့မှာ သုံးတဲ့ ယမ်းအားပြင်းဖောက်ခွဲမှုတွေကလည်း မြေပြိုမှုကို အားဖြည့်ပေးသလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆိုင်းတောင်ရွာဟောင်းနေရာမှာ ကုမ္ပဏီ ၁၂ ခုလောက်ရဲ့ မြေစာပုံတွေဟာ နာမည်ကျော် ဥရုချောင်းဘေးမှာ ဖြစ်နေတာကြောင့် ဒီနှစ်မိုးတွင်း ချောင်းထဲကို မြေစာပုံပြိုကျသွားရင် ရွာပေါင်း ၁ဝ ရွာလောက်ဟာ ရေဘေးအန္တရာယ် ကြုံရမယ်လို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဒေါ်ကိုင်ရာက ခန့်မှန်းပါတယ်။

“နှစ်တိုင်းလိုလို ရွာတွေထဲ ရေဝင်ပေမယ့် ဒီနှစ်က ပိုဆိုးမယ်။ အရင်နှစ်တွေက ချောင်းကော တာလောက်ပဲဖြစ်တာ။ ဒီနှစ်က မြေစာပုံတွေက မိုးရေကြောင့် ပြိုကျပြီး ချောင်းထဲဝင်ပိတ်မှာတော့ ကျိန်းသေ ဖြစ်လာနိုင်တယ်” လို့ သူက ဆိုပါတယ်။  “ဥရုချောင်းဘေးမှာ မြေပြိုပြီး ချောင်းထဲဝင် လာနိုင်မယ့် မြေစာပုံတွေက အများကြီး”

ပိတ်မိနေတဲ့ ဒေသခံတွေ

အာဏာပိုင်တွေက ဖားကန့်ဒေသတွင်း ချောင်းတွေနဲ့ ပေ ၃ဝဝ အတွင်းမှာ မြေစာစွန့်ပစ်မှု မပြုရဘူးလို့ ညွှန်ကြားထားပြီး မြေစာစွန့်ရမယ့်နေရာ ၁၂ ခု သတ်မှတ်ပေးထားပါတယ်။ စနစ်တကျ စွန့်ပစ်မှု ရှိမရှိ၊ မြေစာပုံပြိုကျမယ့် အန္တရာယ်တို့နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရရဲ့ ကွင်းဆင်းကြီး ကြပ်ရေးအဖွဲ့ ၁၁ ဖွဲ့က အပတ်စဉ် စစ်ဆေးတယ်လို့ မြန်မာ့ကျောက်မျက်ရေးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးသက်ခိုင်က ပြောပါတယ်။

ဒေါ်ကိုင်ယင်းကတော့ အာဏာပိုင်တွေဟာ တိတိကျကျ စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်း မရှိသလို မြေစာပုံတစ်ခုဟာ ၆ လအတွင်းမှာတင် ဖားကန့်ဒေသ တောင်တွေထက် မြင့်မားသွားတာက ဘာ့ကြောင့်လဲလို့ မေးခွန်းထုတ်ပါတယ်။

မြေစာသယ် ယာဉ်ကြီးတွေ ရွာလမ်းမတွေကနေ ဖြတ်သန်းသွားလာချိန်မှာ ယာဉ်မတော်တ ဆမှုတွေလည်း မကြာခဏ ဖြစ်တာတွေကြောင့် ဒေသခံ လူမှုရေးအဖွဲ့တွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကားလမ်းပိတ် ဆန္ဒပြတဲ့အတွက် ရွာလမ်းတွေမှာ အရှိန်လျှော့မောင်းဖို့ ကုမ္ပဏီတွေက သဘောတူခဲ့ပါ တယ်။ စိုင်းဂျာဘွန်ရွာဟာ ကျောက်စိမ်းတွင်းတွေကို ဦးစားပေးရတာကြောင့်၂၅ နှစ်အတွင်း ၄ ကြိမ် တိုင်တိုင် နေရာရွှေ့ပေးခဲ့ရတဲ့ ရွာပါ။

ပြီးခဲ့တဲ့နှစ်က ရွာလယ်လမ်းမ မြေသားတွေ ကွဲအက်လာတဲ့အတွက် မြေပြိုမယ့်အန္တရာယ်ကို ကာကွယ်ပေးဖို့ အာဏာပိုင်တွေဆီ တောင်းဆိုထားကြပေမယ့် ကနေ့အချိန်အထိ ထူးခြားမှု မရှိသေး ဘူးလို့ ဒေသခံ ဒေါ်ရွယ်ဂျားက ဆိုပါတယ်။ “ဒီရွာလေးမပျက်အောင်လို့ ဒီချောက်ထဲကို မြေစာတွေ ပြန်ဖြည့်ရင်ဖြည့်၊ ဒါမှမဟုတ် သင့်တော်တဲ့၊ အန္တရာယ်ကင်းတဲ့ တစ်နေရာရာမှာ ရွာပြန်တည်ပေးဖို့ ကောင်းတယ်” လို့ ၅၈ နှစ်အရွယ် ဒေါ်ရွယ်ဂျားက ဆိုပါတယ်။ “ဒီအတိုင်းသာဆို ဒီနှစ်မိုးတွင်းမှာ ညပိုင်း အိပ်လို့တောင် ပျော်မှာမဟုတ်တော့ဘူး။ ဘယ်အချိန်ပြိုကျမလဲ စိုးတထိတ်ထိတ် ဖြစ်နေရပြီ”

တူးဖော်မှု ရပ်ဆိုင်းရေး

ဖားကန့်ရတနာမြေရဲ့ မိုင် ၂ဝ ပတ်ဝန်းကျင်မှာ တောင်အလုံး ၅ဝ ကျော်ကုန်သွားပြီလို့ ကချင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလမာလတောင်က ပြောပါတယ်။ ကုမ္ပဏီတွေ အလွန်အကျွံ တူးဖော်နေတာကိုလည်း တရားဝင်လုပ်ပိုင်ခွင့် ပေးထားသလို ဖြစ်နေတယ်လို့ သူက မှတ်ချက်ချပါတယ်။

မတ်လနှောင်းပိုင်းမှာတော့  ဒေသခံ လူမှုအဖွဲ့အစည်းတွေက ရန်ကုန်မြို့မှာ သတင်းစာရှင်း လင်းပွဲ သွားရောက်ပြုလုပ်ပြီး ကျောက်စိမ်း အလွန်အကျွံထုတ်ယူမှုကို စုံစမ်းရေးကော်မရှင် ဖွဲ့စည်း စစ်ဆေးပေးဖို့ တောင်းဆိုကြပါတယ်။ သယံဇာတ စီမံခန့်ခွဲရေးမူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ ကျောက်စိမ်းတူးဖော်မှုတွေကို ရပ်ဆိုင်ပေးထားဖို့လည်း တောင်းဆိုပါတယ်။

“ကျောက်စိမ်းအလွန်အကျွံ တူးတာကို နေပြည်တော်မှာ တားမြစ်ဥပဒေ ရေးဆွဲကြမယ့် အချိန် မှာ တောင်တွေ အလျင်အမြန် ပျောက်သထက်ပျောက်၊ ချောက်တွေ နက်သထက်နက်လာမယ်" လို့ ဖားကန့်ဒေသမှ သတင်းသမားတစ်ယောက်ဖြစ်တဲ့ ဦးဇော်မိုးထက်က ပြောပါတယ်။

Global Witness အဖွဲ့၊ အရှေ့တောင်အာရှရုံးခွဲ ပြောရေးဆိုခွင့်ရှိသူ မိုက်ဒေးဗစ်က လုပ်ငန်း တွေကို ရပ်ဆိုင်းထားရေး ဒေသခံတွေ တောင်းဆိုတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။ “အစိုးရသစ် အနေနဲ့ ကျောက်စိမ်းလုပ်ငန်း အချက်အလက်တွေ၊ ကိန်းဂဏန်းတွေကို ပွင့်လင်းမြင်သာစွာ သတင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်" လို့ မိုက်ဒေးဗစ်က Myanmar Now ကို ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းကိစ္စဟာ ကချင်ပြည်နယ်ရော မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အကျိုးအ မြတ်ရှိစေတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေးအရ ဦးစားပေး လုပ်ဆောင် သင့်တဲ့ ကိစ္စဖြစ်တယ်လို့ သူက ဆိုပါတယ်။ အစိုးရသစ်ကတော့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရေး တောင်းဆိုချက်များနဲ့ ပတ်သက်ပြီး တုန့်ပြန်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း ကုမ္ပဏီအသစ်တွေ၊ လုပ်ကွက်အသစ်တွေ ခွင့်ပြုမှာမဟုတ်ဘူးလို့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားလွှတ်တော်ရဲ့ မေလ ၁၁ ရက်နေ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

“မြေစာပုံဖို့ ၁၂ နေရာ သတ်မှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့ နေရာမှာ စွန့်ပစ်မှုရှိမရှိ၊ မြေစာပုံမှာ တရားမဝင် ပျံကျတဲတွေ ရှိမရှိ၊ မြေစာပုံပြိုနိုင်မှု ရှိမရှိကို မြို့နယ်မြေစာကြီးကြပ်စစ် ဆေးရေး အဖွဲ့နဲ့ ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့တွေက ကွင်းဆင်းကြီးကြပ်သွားမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ကျောက်စိမ်းတွင်းကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုကို စိစစ်ဖို့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းတာဝန်ပေးမယ်၊ ဒီအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအ စဉ်တွေ ဆက်လက် ရေးဆွဲမယ်၊ ရေးဆွဲပြီး အစီအစဉ်တွေကိုလည်း ဆက်လက် အကောင်အထည် ဖော်မယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ဖားကန့်အခြေအနေနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စကို ဒေသ တွင်း လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းသုံးသပ်နေတယ်လို့ ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်ရမယ့် လူတွေက ဒီလုပ်ငန်းကိုလည်း ကျွမ်းကျင်ပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့သူတွေ ဖြစ်ဖို့လိုတယ်” လို့ သူက ပြောလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly